မန်စီးတီး အသင်းမှ ရော်ဘင်ညို ဘရာဇီးလ် ကလပ် ဆန်းတို့စ်သို့ ပြောင်းရွှေ့

alt

အသင်းမှ စံချိန်တင် ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူ ထားသည့် ရော်ဘင်ညို အား ဘရာဇီး ကလပ် ဆန်းတို့စ် သို့ (၆)လ အငှား စာချုပ် ဖြင့် ပြောင်းရွှေ့ခွင့် ပြုလိုက်ကြောင်း

မန်ချက်စတာ စီးတီး အသင်းက ကြေညာသည်။ အသက် (၂၆)နှစ်ရှိ ဘရာဇီး တောင်ပံလူ ရော်ဘင်ညိုအား စီးတီးက ပေါင်စတာလင် (၃၂.၅) သန်း ပေးကာ စပိန်ကလပ် ရီးရဲလ် မက်ဒရစ် မှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရော်ဘင်ညိုသည် အင်္ဂလန်မြေတွင် အခြေမကျဘဲ ရုန်းကန်နေရသလို စီးတီး၏ ပုံမှန် လူစာရင်းတွင် ပါဝင်ခွင့် မရသောကြောင့် (၂၀၁၀) ခုနှစ်၊ ကမ္ဘာ့့ဖလား ဘောလုံးပြိုင်ပွဲဝင် ဘရာဇီး အသင်း၌ ရွေးချယ်ခံရရေး မရေမရာ ဖြစ်လာခဲ့သည်။

ထို့ကြောင့်လည်း ၎င်း၏ ဘောလုံးသမား ဘဝ စတင်ရာ ဆန်းတို့စ်သို့ အငှား သွားကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ စီးတီးသည် မူလက ရော်ဘင်ညိုအား အငှားချရေး ကိစ္စကို ငြင်းဆန်ခဲ့သော်လည်း ယခုအခါ သဘောတူ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ စီးတီးနည်းပြ ရောဘတ်တို မန်စီနီက လတ်တလော အပြောင်းအရွှေ့သည် ရော်ဘင်ညို၏ ခြေစွမ်းပြန်လည် ထက်မြက်လာမှုကို အထောက် အကူပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရော်ဘင်ညိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက စီးတီးအတွက် (၁၅)ဂိုး အထိ သွင်းယူပေး ခဲ့သော်လည်း စည်းကမ်းပိုင်းနှင့် တကိုယ်ကောင်း ဆန်သော ကစားပုံများကြောင့် ဝေဖန် ခံနေရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here