ဟေတီငလျင် အပျက်အစီးများ အောက်တွင် ၁၅ရက်ကြာ ပိတ်မိနေသည့် မိန်းကလေးအား ကယ်ဆယ်နိုင်ခဲ့

alt

ဇန်နဝါရီလ (၂၇)ရက် နေ့က ကယ်ဆယ်ရေး ဝန်ထမ်းများသည် (၁၅)ရက် လုံးလုံး ပိတ်မိနေ သည့် ဟေတီ မိန်းကလေး တဦးအား အပျက် အစီး ပုံအောက်မှ အသက် ရှင်လျက် ဆွဲထုတ် နိုင်ခဲ့ကြောင်း သိရှိရသည်။

အသက် (၁၆)နှစ် အရွယ် ယင်း မိန်းကလေး သည် ဇန်နဝါရီလ (၁၂)ရက် နေ့က ဟေတီ နိုင်ငံ မြို့တော် ပို့ဩပရင့်စ်ကို ဦးတည် လှုပ်ခတ် သွားသည့် ငလျင်ကြီးကြောင့် ပြိုကျသွားသည့် အ ဆောက်အအုံ တခုအောက်၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

သူမအား ပြင်သစ် ကယ်ဆယ်ရေး တပ်ဖွဲ့တခုက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မိန်းကလေးမှာ အ လွန် အားနည်း နေကြောင်း သိရသည်။ သူမအား ကယ်ဆယ်ရေးများက ကယ်ထုတ် လိုက်ချိန်တွင် ကျေးဇူးတင်စကားကို ဖျော့တော့ စွာ ပြောခဲ့သေးကြောင်း ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် ဆမ်မြူရယ် ဘာနက် ကဆိုသည်။

မိန်းကလေးသည် ကွန်ကရစ် အပျက်အစီးများ ဘောင်ခတ်ထားသည့် ကျဉ်းမြောင်းသော နေရာလေး တခုထဲတွင် ပိတ်မိနေခဲ့ရာမှ ထွက်ပေါက် ပျောက်နေခဲ့ခြင်း ဖြစ် သည်။ ယခု မိန်းကလေးမှာ ကံကောင်း ထောက်မစွာ အသက်ချမ်းသာရာ ရခဲ့သော်လည်း ဟေတီ၏ ငလျင်ဘေးသင့် အနိဌာရုံ မြင်ကွင်းများမှာ မပြီးဆုံး နိုင်သေးချေ။ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့များသည် အပျက်အစီးများ အောက်မှ နေ့စဉ်နေ့တိုင်း အလောင်းပေါင်း မြောက်မြားစွာကို ဆွဲထုတ် နေရဆဲဖြစ်သည်။

ထို့အပြင် ပြားပြားဝပ် ပြိုပျက်သွားသည့် အဆောက်အအုံများ အောက်တွင် အလောင်းပေါင်းမည်မျှ ကျန်ရှိ နေသေးသည်ကို မည်သူမျှ မသိနိုင်သေးချေ။ ဟေတီ သမ္မတ ရီနီပရီဗယ် က ဇန်နဝါရီလ (၂၇)ရက်နေ့ အထိ အလောင်းပေါင်း (၁၇၀၀၀၀) နီးပါးကို တူးဖော်ကာ သဂြိုဟ်ခဲ့ရကြောင်း ပြောကြားသွားသည်။ ဟေတီသည် လာမည့် လ အတွင်း ရွေးကောက်ပွဲ ကျင်းပရန် စီစဉ် ထားသော်လည်း ယခု ငလျင်ကြီး လှုပ်ခတ် သွားခဲ့ခြင်းကြောင့် ရွေး ကောက်ပွဲကို ရွှေ့ဆိုင်းသွားမည်ဟုလည်း ပရီဗယ်က ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here