အီသီယိုးပီးယား လေယာဉ်ပျက်မှ မှတ်တမ်း သေတ္တာနက် ရှာဖွေတွေ့ရှိ

alt

ဇန်နဝါရီလ (၂၅)ရက် နေ့က လက်ဘနွန်နိုင်ငံ၊ ဘေရွတ် မြို့ကမ်းလွန် မြေထဲ ပင်လယ် အတွင်း သို့ ပျက်ကျသွားသည့် အီသီယိုးပီးယား ခရီးသည်တင် လေယာဉ်မှ မှတ်တမ်းတင် သေတ္တာနက်ကို ပြန်လည် တွေ့ရှိပြီ

ဖြစ်ကြောင်း လက်ဘနွန် စစ်တပ်မှ တာဝန်ရှိသူ တဦးက ပြောကြားခဲ့သည်။

လေယာဉ် ပျံသန်းမှုဆိုင်ရာ အချက်အလက် အားလုံးကို မှတ်တမ်း တင်ထားသည့် သေတ္တာနက် သည် ဘေရွတ်မြို့၊ ပင်လယ် ကမ်းခြေအနီး လေဆိပ်မှ (၁၀) ကီလိုမီတာ အကွာခန့် သမုဒ္ဒရာ အောက် မီတာ(၁၃၀၀) တွင် နစ်မြုပ်နေခဲ့ခြင်းဟု သိရှိရသည်။ သို့သော်လည်း ကယ်ဆယ်ရေး လုပ်သားများသည် သေတ္တာနက်ကို လောလောဆယ်တွင် ဆယ်တင်နိုင်ခြင်း မရှိသေးပေ။

အမေရိကန် ရေတပ်သင်္ဘော တစင်း၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ သင်္ဘော များ၊ လေယာဉ်များနှင့် ရေငုပ်သမားများက ထိုရေအနက်သို့ ဆင်းသက်ရန် အခက်အခဲအချို့ ရှိနေကြောင်း ပြောကြားထားသည်။ အီသီယိုးပီးယား လေယာဉ်ခရိးစဉ် ET409 သည် လူ(၉၀)အား တင်ဆောင်ကာ ဘေရွတ် လေဆိပ်မှ ပျံတက်ပြီးနောက် ပျက်ကျသွားခြင်း ဖြစ်သည်။ Boeing 737 အမျိုးအစား လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး လေယာဉ်မှူး၏ အမှားနှင့် ရာသီဥတု အခြေအနေ တို့သည် အဓိက အကြောင်းရင်းများ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသော်လည်း သေတ္တာနက်မှ အချက်အ လက် များကို တိတိကျကျ မရရှိသ၍ အတည်ပြုနိုင်မည် မဟုတ်ချေ။

ထိုနေ့က လေယာဉ်ပျံ တက်ခါနီးတွင် လေယာဉ်၏ အရှိန်မှာ လိုအပ်သည်ထက် မြင့်မားနေပြီး ဦးတည်ရာ လမ်းကြောင်းလည်း လွဲမှားနေသဖြင့် လေကြောင်း ထိန်းသိမ်း ရေး မျှော်စင်က သတိပေးခဲ့သည့်တိုင် လေယာဉ်မှူးက မျက်ကွယ် ပြုနေခဲ့ကြောင်း လက်ဘနွန် ပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ ကယ်ဆယ်ရေး များသည် လေယာဉ် အပိုင်းအစ အချို့ကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းများ အသက်ရှင်ခွင့် အတွက် မျှော်လင့်ချက်မှာမူ အလွန် လျော့နည်းသွားပြီ ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီး မိုဟာမက်ဂျာဝက် ခါလီဖီက အနည်းဆုံး အလောင်း တဒါဇင်ခန့်ကို ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း၊ ယင်းတို့အနက် (၂)ဦးအား DNA နည်းပညာ ဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းထောက် များအား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here