ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

alt

ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်တွင် ဇန်နဝါရီ လ (၂၆)ရက် နေ့၊ နံနက် ပိုင်းက ပေါက်ကွဲမှု (၂) ခု ဖြစ်ပွား ခဲ့ရာ အဆောက်အအုံ အချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာ က ဖော်ပြခဲ့သည်။

သိန်းတန် နှင့် မေတ္တာရပ်ကွက်များ အတွင်း (၅)မိနစ်ခြား ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ ကြောင့် အသေအပျောက် မရှိသော်လည်း အနီးရှိ အဆောက်အအုံ ခြံစည်းရိုးနှင့် ပြူတင်း ပေါက် တို့တွင် အနည်းငယ် ထိခိုက် ပျက်စီး စေခဲ့ကြောင်း သိရှိရသည်။ မြန်မာ စစ်အစိုးရ က ယခု ကိစ္စ၏ လက်သည် အဖြစ် KNU တပ်မဟာ(၃) ကို စွပ်စွဲ ထားခဲ့သည်။

မြန်မာ စစ်အစိုးရသည် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာ (၁၆)ရက် နေ့က ကရင်ပြည်နယ်၊ ဖာပွန်တွင် လူ(၇)ဦး သေပြီး (၁၁) ဦး ဒဏ်ရာရခဲ့သည့် ဗုံးခွဲမှု အတွက်လည်း KNU တပ်မဟာ(၅) ကို အပြစ်တင် ခဲ့သေးသည်။

ထို့အပြင် နိုဝင်ဘာလ (၁၀)ရက် နေ့က ကရင်ပြည်နယ်၊ သံလွင်မြစ် အတွင်း စောဥမ္မာ ခရီး သည်တင် ရေယာဉ်တွင် လူ (၃)ဦး သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အတွက်လည်း KNU လက်ချက် ဖြစ်သည်ဟု မြန်မာ စစ် အစိုးရက စွပ်စွဲ ပြောကြားထားခဲ့ သည်။ ကရင် အမျိုးသားယူနီယံ (ခေါ်) KNU တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ စစ်အစိုးရအား ဆန့်ကျင်နေသော လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အား အကောင်းဆုံး အဖြစ် ဆက်လက် ရပ်တည်နေပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခြင်း မရှိသေးပေ။

မြန်မာ စစ်အစိုးရသည် (၁၉၈၉)ခုနှစ် နောက်ပိုင်း အလင်းဝင် လာသည့် အတိုက်အခံ လက်နက်ကိုင် တပ်ဖွဲ့ (၁၇)ဖွဲ့ အထိ ရှိနေပြီဟု ကြေညာ ထားသော်လည်း KNU မှာ ယခုတိုင် အကြီးဆုံး ဆန့်ကျင်ဖက် အင်အားစုကြီး အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here