မဲခေါင်မြစ်ဝှမ်း ဒေသတွင် ကျားကောင်ရေ လျော့ကျ လာနေ

alt

မဟာမဲခေါင် မြစ်ဝှမ်းဒေသတွင် မှီတင်း နေထိုင်သော ကျား ကောင်ရေသည် လွန်ခဲ့သည့် (၁၂)နှစ် က နှင့် နှိုင်းယှဉ်ပါက (၇၀) ရာခိုင် နှုန်းအထိ စိုးရိမ်ဖွယ် လျော့ကျ လာနေကြောင်း သိရှိရသည်။

ကမ္ဘာ့ သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေး ရံပုံငွေအဖွဲ့ကြီး (WWFN) က ယခုအချိန်တွင် မဟာ မဲခေါင် မြစ်ဝှမ်းဒေသ၌ စုစုပေါင်း ကျား ကောင်ရေ (၃၅၀) ဝန်းကျင်သာ ရှိတော့ ကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။

(၁၉၉၈) ခုနှစ်က မဟာမဲခေါင် ဒေသအတွင်း ကျားကောင်ရေ (၁၂၀၀)မျှ ရှိခဲ့သော်လည်း (၂၀၁၀) ခုနှစ်တွင် (၃၅၀)မျှ အထိ လျော့ကျ လာခြင်းသည် WWFN အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ မဟာမဲခေါင် ဒေသတွင် တည်ရှိသော မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယား တနိုင်ငံ ချင်းစီမှ ကျား ကောင်ရေ မှာလည်း သိသိသာသာ လျော့နည်းသွားကြောင်း WWFN ၏ မဲခေါင်ဒေသ ကျားမျိုး မပြုန်းတီးရေး တာဝန်ခံ နစ်ကော့ ကဆိုသည်။

ယခု နှုန်းထားအတိုင်း ဆက်လက် လျော့နည်းနေပါက မဟာမဲခေါင်တွင် နောက်ထပ် (၁၂)နှစ်အကြာ (၂၀၂၂) ခုနှစ် အတွင်း ကျားတကောင်မျှ မရှိတော့အောင် အခြေအနေ ဆိုးသွားနိုင်ကြောင်း နစ်က သတိပေးခဲ့သည်။ ကမ္ဘာပေါ်တွင် အလှဆုံး မျိုးစိတ်တခုဖြစ်သည့် အင်ဒိုချိုင်းနား ကျားကြီးများသည် မဟာမဲခေါင်တွင် စတင် ပေါက်ဖွား လာသော်လည်း ယခုအခါ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယား နိုင်ငံများ အတွင်း တနိုင်ငံလျှင် ကောင်ရေ (၃၀)မျှသာ ရှိနေတော့သည်။

ကျန်ကောင်ရေ (၂၅၀) ကျော်ကို မြန်မာ နှင့် ထိုင်းနိုင်ငံကြား တောင်ထူထပ်သော ဒေသများတွင် တွေ့မြင် နိုင်ကြောင်း WWFN ၏ ကြေညာချက်တွင် ပါရှိသည်။ တရုတ်ရိုးရာ ဆေးပညာအရ ကျား၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဝယ်လိုအား မြင့်တက်လာခြင်း ကြောင့် ယခုလို ကျားများ မျိုးသုဉ်းမည့် ဘေးနှင့် ရင်ဆိုင်နေရခြင်းဟု နစ်က ဆိုသည်။ ကမ္ဘာတဝှမ်း တွင်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် တခုစာ ကာလက ကျားကောင်ရေ (၁၀၀၀၀) ကျော် ရှိခဲ့သော်လည်း ယခုအခါ တကမ္ဘာလုံး တွင်မှ (၃၂၀၀) မျှသာ ကျန်တော့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here