အီရတ်နိုင်ငံတွင် ဓာတုအလီအား သေဒဏ် စီရင်ပြီးနောက် ဗုံးခွဲမှုများ ဖြစ်ပွား

alt

ဇန်နဝါရီလ (၂၅)ရက် နေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက် မြို့တော်တွင် ဓာတုအလီ အား ကြိုးဒဏ်ချမှတ် သတ်ဖြတ် လိုက်ပြီးနောက် အသေခံ ဗုံးခွဲမှု(၃)ခု ဆက်တိုက် ပေါ်ပေါက်လာပြီး လူ(၃၀)ကျော် သေဆုံး သွားခဲ့ရသည်။

ဆာဒမ်ဟူစိန် အစိုးရ လက်ထက်က အာဏာရှင် ဆာဒမ်၏ လက်ရုံးတဆူ ဖြစ်ခဲ့ပြီး ဓာတုဗေဒ လက်နက်ဆန်း များကို ကျွမ်းကျင် ပိုင်နိုင်သဖြင့် ဓာတုအလီဟု နာမည်ကြီးခဲ့သည့် အလီဟာဆန် အယ်မာဂျစ်သည် ထိုနေ့က ကြိုးဒဏ် ခံသွားရပြီး ဖြစ်သည်။

အီရတ် တရားရုံးသည် ဓာတုအလီ သေဆုံးသွားပြီ ဖြစ်ကြောင်း တရားဝင် မကြေညာမီ မိနစ်ပိုင်း အလိုတွင် ဘဂ္ဂဒက်ရှိ အနောက်နိုင်ငံ၊ သတင်းထောက်များ အများဆုံး ဝင်ထွက် သွားလာနေသည့် ဟိုတယ် (၃)ခုအား အသေခံ ဗုံးသမားများက တိုက်ခိုက်ခဲ့ရာ လူ(၃၆)ဦး ထက်မနည်း သေဆုံးပြီး အနည်းဆုံး (၇၁)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။ အစ်ရှ်တာ ရှာရီတန် ဟိုတယ်၊ ဟမ်ရား ဟိုတယ် နှင့် ဘေဘီလုံ ဟိုတယ်များသို့ မိနစ်ပိုင်း မျှခြားကာ ဦးတည် တိုက်ခိုက်ခဲ့သည့် အသေခံ ဗုံးခွဲမှုများမှာ အယ်လ်ခိုင်းဒါးတို့၏ လက်ချက် ဖြစ်နိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးက ဆိုသည်။

သို့သော်လည်း အယ်ခိုင်းဒါး တပ်ဖွဲ့များထံမှ ယင်း လုပ်ရပ်အတွက် ကြိုးကိုင် စီမံကြောင်း ကြေညာချက်မျိုး မကြားသိ ရသေးချေ။ ယခု ပေါက်ကွဲမှုအတွင်း သေဆုံးသွားသူ များသည် အီရတ် နိုင်ငံသားများဖြစ်ပြီး နိုင်ငံခြားသားများ သေဆုံးကြောင်း သတင်းပေးပို့မှု မရရှိဟု အီရတ် ပြန်ကြားရေး ဌာနက ပြောဆိုထားသည်။ ဓာတုအလီသည် (၂၀၀၃)ခုနှစ် အတွင်း အီရတ်ကို အမေရိကန်တပ်များ ဝင်ရောက် တိုက်ခိုက်ပြီး လပိုင်း အလိုတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

၎င်းသည် စစ်ရာဇဝတ်မှုများ၊ လူအများကို အစုလိုက် အပြံုလိုက် အဆိပ် ဓာတ်ငွေ့ဖြင့် သတ်ဖြတ်မှုများ စသည် တို့ကြောင့် သေဒဏ်(၄)ကြိမ် စီရင်ချမှတ် ခံခဲ့ရသူ ဖြစ်သည်။ ဓာတုအလီ ကြိုးပေးခံရချိန်တွင် ယခုလို မိနစ်ပိုင်းခြား အသေခံ ဗုံးခွဲခဲ့မှုသည် သီတင်း (၇)ပါတ် အတွင်း အီရတ်တွင် အဆိုးရွားဆုံး အကြမ်းဖက်မှုလည်း ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here