ဒွိဟ များကြားမှ တောကြောင် လက်ခမောင်း ခတ်သံ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

နေရပ် ပြန်ပို့ခြင်း၊ မပို့ခြင်းနှင့် အမြင်များ (၁)

ထိုင်းနိုင်ငံထဲ၌ အလုပ် လုပ်နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ထဲတွင် ထိုင်း အစိုးရက အလုပ် လုပ် ခွင့် 

လက်မှတ်ထုတ်ပေး ထားသူပေါင်း ၁.၄သန်းခန့် ရှိနေသည်။

ထိုသူများ ထဲတွင် မြန်မာ နိုင်ငံသား များသည် ၈၀%ခန့် ရှိနေပြီး လော ( လာအို ) နှင့် ကမ်ပူးချား တို့က ၁၀%နှုန်းစီ ရှိနေကြသည်။ ထိုင်းအစိုးရက အလုပ် လုပ်ခွင့် လက်မှတ်ထုတ်ပေး ထားခြင်းသည် ခြွင်းချက် အနေဖြင့် ထုတ်ထားပေးခြင်းသာ ဖြစ်ပြီး တရားဝင် ဖြစ်မှုမှာ အကန့်သတ်များ ရှိနေဆဲ ဖြစ်သည်။ ထပ်မံ ရှင်းလင်းရလျှင် “ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာခြင်း အတွက် ထိုသူများသည် ထိုင်းဥပဒေ အရ အပြစ်ရှိနေသည်။ ထိုအပြစ်အတွက် နေရင်းနိုင်ငံသို့ ပြန်လည်ပို့ခြင်းကို ခံရမည် ဖြစ်သည်။ ထိုသို့ပြန်မပို့ခင် စပ်ကြား လျှော့ပေါ့သော အနေဖြင့် ခေတ္တခဏ နေထိုင် အလုပ် လုပ်ခွင့် ပေးထားခြင်းသာ ဖြစ်သည်ဟု အဓိပ္ပါယ် ရသည်။” (ထိုလျှော့ပေါ့မှု ဆိုသည်မှာ ထိုင်းစီးပွါးရေး အကျိုးအမြတ်ကို အခြေခံ၍သာ လျှော့ပေါ့ပေးခြင်းဟု ယူဆနိုင်သည်)

ထိုင်း ဥပဒေအရ နိုင်ငံအတွင်း ခိုးဝင်လာသူကို လျှော့ပေါ့၍ နေထိုင်အလုပ် လုပ်ခွင့်မပေးနိုင်။ ပြဿနာကို ဖြေရှင်းနိုင်ရန် ဝန်ကြီးများ သဘောတူညီချက် ဖြင့်သာ လျှော့ပေါ့ချက်ကို ထုတ်ပြန်နေရသည်။ ထိုအခွင့်အရေးကိုလဲ များများပေး၍ မရသဖြင့် တနှစ် အခွင့်အရေး ပေးရန် တကြိမ် အစည်းအဝေး လုပ်ရသည်။ ထို့ကြောင့် အလုပ်သမားတို့၏ လက်မှတ်ကို တနှစ်တခါ သက်တမ်း တိုးနေရခြင်း ဖြစ်သည်။ ပြီးခဲ့သော ကာလများတွင် ထိုင်းစီးပွါးရေး အတွက် လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းရန် အကြိမ်ပေါင်းများစွာ လျှော့ပေါ့ခြင်းကို ပြုလုပ်ခဲ့သည်။ တိကျသော ဥပဒေကို အားထားရခြင်း မဟုတ်သည့်အတွက် ထိုပြဿနာကို ဖြေရှင်းရန်နှင့် လုံးဝ တရားဝင်သော အလုပ်သမား ဖြစ်လာရန် နည်းလမ်းရှာဖွေ လာခဲ့ကြသည်။ ထိုအတွက် အလုပ်သမားတို့၏ မူရင်းနိုင်ငံက တရားဝင်သော အထောက်အထား လိုအပ်နေသည်။ ထို့ကြောင့် နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုင်း နိုင်ငံအနေဖြင့် အလုပ်သမားတို့၏ မူရင်း နိုင်ငံများဖြစ်သော မြန်မာ၊ လော၊ ကမ်ပူးချား နိုင်ငံတို့ကို တရားဝင် အထောက်အထား ထုတ်ပေးဖို့ ညှိနှိုင်းရာတွင် လော နှင့် ကမ်ပူးချား တို့က လွယ်ကူစွာ သဘောတူခဲ့ပြီး အကောင်အထည် ဖေါ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ အတွက်ကား အကြောင်း အမျိုးမျိုးကြောင့် ခက်ခဲစွာ ညှိနှိုင်းခဲ့ရသည်။ နဂိုရ်မူလ ကတည်းက နိုင်ငံရေး၊ လူမျိုးရေး ပြဿနာ များစွာရှိနေသော နိုင်ငံဖြစ်နေသည့် အချက်သည် အဓိက ကျသော အခက်အခဲ ဖြစ်နေသည်။ ထိုင်းနိုင်ငံက နည်းမျိုးစုံသုံး၍ ပြဿနာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ ဥပမာ အားဖြင့် သဘောတူညီချက် ရပြီးသော လော နှင့် ကမ်ပူးချား နိုင်ငံတို့မှ အလုပ်သမား များကို ခေါ်ယူပြီး မြန်မာ အလုပ်သမားတို့၏ နေရာတွင် အစားထိုးနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် လော နှင့် ကမ်ပူးချား အလုပ်သမား များသည် မြန်မာ အလုပ်သမားများ ကဲ့သို့ နေရာမရွေး၊ ပုံစံမရွေး မလုပ်နိုင်။ လုပ်နိုင် ပါကလည်း ထိုင်းငွေ ဘတ်နှစ်သောင်းခွဲခန့် ကုန်ကျသော ပတ်စ်ပို့နှင့်ပါမစ် စားရိတ်ကို မတတ်နိုင်၊ တတ်နိုင်ပါ ကလည်း ထိုနိုင်ငံရှိ လူဦးရေ လုပ်သားဦးရေက ကန့်သတ် ချက်များ ရှိနေသည့်အပြင် ထိုင်းနိုင်ငံ၏ လုပ်အားခက မက်မော လောက်အောင် မမြင့်မား စသော အခက်ခဲများကြောင့် မြန်မာ အလုပ်သမားများ နေရာကို အစားထိုးရန် မဆောင်ရွက်နိုင် ဖြစ်ခဲ့ရသည်။

သို့နှင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် သဘောတူညီချက် ရရန် သုံးနှစ်ခန့် ကြိုးပမ်း ညှိနှိုင်းခဲ့ရာ နောက်ဆုံး သဘောတူညီချက် အဖြစ် ကော့သောင်း၊ မြဝတီ၊ တာချီလိတ် မြို့များတွင် နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်နိုင်မည်ဟု သဘောတူညီချက်ကို ရရှိခဲ့သည်။ အဆိုပါ နိုင်ငံသား စီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ ပြုလုပ်ခွင့်ရမည့် သူများသည် ထိုင်းနိုင်ငံ ဝန်ကြီးများ အစည်းအဝေးက သဘောတူညီချက်ဖြင့် ခေတ္တနေထိုင် အလုပ် လုပ်ခွင့်လက်မှတ် ပြုလုပ်ထားသူ များသာ ဖြစ်သည်။ အလုပ် လုပ်ခွင့်လက်မှတ် မရှိသူများ ယာယီပတ်စ်ပို့ ပြုလုပ် ခွင့်မရှိပေ။ ပြုလုပ်သည့် ကာလကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့မှ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ရက် နေ့ အထိ (၇လခွဲခန့်) သတ်မှတ်ထားသည်။ ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်း ၁၃ဆင့် ခန့် သတ်မှတ် ထားခဲ့သည်။ ထိုသဘောတူညီချက်၊ လုပ်ဆောင်ချက်သည် အပေါ်ယံ အနေအားဖြင့် ကြည့်လျှင် တရားမဝင် အလုပ်သမားကို တရားဝင် အလုပ်သမား ဖြစ်အောင်ပြုလုပ် ပေးသည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း အသေးစိတ် အတွင်းကျကျ ကြည့်လျှင် အခက်အခဲများစွာ ကွဲလွဲမှု များစွာဖြစ်နေသည့် အပြင် ခေါင်းပုံဖြတ် အမြတ်ထုတ်ချင်သူများ ကို အခွင့်အရေးများ ပေါ်ပေါက်လာအောင် စီမံ ပေးနေသလို ဖြစ်နေခြင်းကို တွေ့မြင်နိုင်သည်။

ဦးစွာ အခြေအနေမှန်နှင့် ကွဲလွဲနေသည့် အချက်မှာ မြန်မာဘက်က ယာယီပတ်စ်ပို့ ပြုလုပ်ပေးခြင်းကို တရက်လျှင် ၆၀၀ ခန့်သာ လုပ်ပေးနိုင်မည်ဟု ဆိုထားပါလျှက် အလုပ်သမား တသန်းကျော် အတွက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ချိန် (၇လခွဲ)သာ သတ်မှတ်ထားခြင်းမှာ အလွန် စိတ်ဝင်စားစရာ ကောင်းသလို နှစ်နိုင်ငံ စာချုပ်တခုအား မြန်မာ စစ်အစိုးရ မဖြစ်ညစ်ကျယ် ပြုလုပ်သော ကိစ္စရပ်ဖြစ်သည်။ အရှေ့တောင် အာရှ နိုင်ငံဝင် ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရပ်ခြား ရွှေ့ပြောင်း အလုပ်သမားများ၏ ဝင်ငွေနှင့် နိုင်ငံတော် ဘဏ္ဍာအား ကျားကန်ထားသည် ဆိုသော အချက်ကို မြန်မာ စစ်အစိုးရ သတိထားမိဟန် မတူ၊ ထို့အတူ လောနှင့် ကမ်ပူးချား နိုင်ငံတို့က အစိုးရများသည် ထိုင်းနိုင်ငံ အတွင်းလာ၍ နိုင်ငံသားများအတွက် ပတ်စ်ပို့ ပြုလုပ်ပေးသော်လည်း သန်းဂဏန်းမျှသော မြန်မာ နိုင်ငံသားများ အဖို့ကမူ ဝေးလံသော နှစ်နိုင်ငံ နယ်စပ်အထိ သွားရောက်ပြီးမှသာ ပတ်စ်ပို့ ပြုလုပ်ရမည် ဖြစ်သည်။

ထို့အတူ အလုပ်ရှင် အများစုကလည်း မြောက်များလှသော အဆင့်များကို နားမလည်ခြင်း၊ နားလည်သည့် တိုင်အောင် အချိန် မပေးနိုင်ခြင်းတို့ ဖြစ်လာကြရသည်။ အလုပ်သမား အများစု မှာလည်း ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေတို့ကို လုပ်ငန်းခွင်အတွင်းမှ နားမလည် နိုင်အောင် ဖြစ်ခဲ့ကြရပြီး၊ သို့လော သို့လောနှင့် ကောလဟာလ များကလည်း ရုတ်ချည်း ပျံ့နှံ့နေရာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတို့ အဖို့ ဝေခွဲ မရနိုင် ဖြစ်ကြ ရပြန်သည်။

ဤသို့နှင့် ခေတ်သစ် တောကြောင်တို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ အကြား လက်ခမောင်း ခတ်သံ များလည်း ကျယ်လောင် ပျံ့နှံ့ လာကြတော့သည်။

မောင်ကျည်ပွေ့

LEAVE A REPLY

Please enter your comment!
Please enter your name here