နိုင်ငံ ပြန်လည်ထူထောင်ရေး ဆယ်နှစ် ကြာနိုင်ဟု ဟေတီ ဝန်ကြီးချုပ် ပြောကြား

alt

ဟေတီနိုင်ငံ ဝန်ကြီးချုပ်က မိမိတို့ နိုင်ငံအား ပြန်လည် ထူထောင်ရန် အချိန်(၁၀)နှစ်မျှ ယူရမည် ဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။ သွေးစက်များ၊ ချွတ်ခြုံ ကျမှုများနှင့် အပျက်အစီးပုံ များကြား မှ ရုန်းထရန်

ထိုမျှလောက်သော အချိန်ကို လိုအပ်ကြောင်း ဝန်ကြီးချုပ် ဂျင်းမက်ဘယ်လာရိုက် က ဇန်နဝါရီလ (၂၅)ရက် နေ့က CTV သတင်းဋ္ဌာနသို့ ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ဇန်နဝါရီလ (၁၂)ရက် နေ့က ဟေတီနိုင်ငံ၊ ပို့ဩပရင့် မြို့တော်အား ဦးတည် လှုပ်ရှားသွားသည့် ငလျင်ကြီးကြောင့် တမြို့လုံး ပြားပြားဝပ် ပျက်စီးသွားပြီး လူ၂သိန်းမျှ သေဆုံးနိုင်ကြောင်း ကယ်ဆယ် ရေးများက ခန့်မှန်း ထားကြသည်။ ကနေဒါ နိုင်ငံ၊ မွန်ထရယ် မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အတွင်း ဟေတီ ဝန်ကြီးချုပ်က မိမိတို့ နိုင်ငံအား တကျော့ပြန် တည်ဆောက်နိုင်ရန် အကူအညီများ နောက်ထပ် လိုအပ်နေဆဲဟု ပြောကြားခဲ့သည်။

ဘယ်လာရိုက် က နိုင်ငံတကာ အစိုးရများ အနေနှင့် ဟေတီ ဒုက္ခသည်များ အတွက် အကူအညီများ တိုးမြှင့် ပေးပို့ပါရန်လည်း ပန်ကြားခဲ့သေးသည်။ အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီး ဟီလာရီကလင်တန် ကလည်း လက်တွေ့ကျသည့် ထောက်ပံ့မှုများ ဟေတီသို့ ပေးပို့ရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ မိမိတို့ အနေနှင့် အကောင်းဆုံး နည်းလမ်းများကို ရွေးချယ်ရမည့် အချိန်သို့ ရောက်နေကြောင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်နေခြင်း ထက် အမှန်တကယ် လိုအပ်သော အကူအညီများကို ပေးပို့နိုင်ရန် ကြိုးပမ်းသင့်ကြောင်း ဟီလာရီက ဆိုသည်။

ပို့ဩပရင့်တွင် ယခုအချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာ အကူအညီ တပ်ဖွဲ့များသည် အလောင်းပေါင်း (၁၅၀၀၀၀) ကျော်ကို အပျက် အစီးများ အောက်မှ ဆွဲထုတ်ကာ သဂြိုဟ်ပေးခဲ့ပြီး ဖြစ်သည်။ ဝန်ကြီးချုပ် ဘယ်လာရိုက် က ငလျင်ကြီး လှုပ်ခတ်ချိန်သည် စက္ကန့်(၃၀)သာ ကြာမြင့်ခဲ့ကြောင်း၊ ထိုအချိန် လေးတွင် နိုင်ငံ၏ စုစုပေါင်း GDP ပမာဏ (၆၀) ရာခိုင်နှုန်း လုံးဝပြိုလဲ ပျက်စီးသွားကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here