အီသီယိုးပီးယား ဂျက်လေယာဉ် မြေထဲပင်လယ်တွင် ပျက်ကျ

alt

အီသီယိုးပီးယားပိုင် ဂျက်လေယာဉ် တစင်း မြေထဲပင်လယ်ထဲ ပျက်ကျသွားပြီး နောက် လေယာဉ်ပေါ် ပါသွားသူ (၉၀) နီးပါးတို့၏ အသက်ဘေးအတွက် စိုးရိမ်စရာ ဖြစ်လာနေကြောင်း သိရှိရသည်။ လက်ဘနွန် အာဏာပိုင်များက

ဇန်နဝါရီလ (၂၅)ရက် နေ့က ဘေရွတ်မြို့မှ ပျံတက်ပြီး များမကြာမီတွင် လေယာဉ်မှာ ပင်လယ်ထဲ ပျက်ကျသွားခြင်းဟု ပြောကြားခဲ့သည်။ မျက်မြင်များက နံနက်ပိုင်း လေယာဉ်ပျက်ကျမှု အတွင်း မီးလုံးကြီးတခု ပင်လယ်ထဲ ထိုးကျသွားသည်ကို မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန် အာဏာပိုင်များက ယခုအချိန်ထိ လူ(၇)ဦးကို ကယ်တင် ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး CNN သတင်းဌာန ကမူ အလောင်း (၉)လောင်း အထိ ဆယ်ယူ ရရှိထားပြီဟု ကြေညာသွားသည်။ ယင်းလေယာဉ်တွင် ခရီးသည် (၈၃)ဦးနှင့် အမှုထမ်း (၇)ဦးတို့ လိုက်ပါသွားခြင်း ဖြစ်သည်။

ခရီးသည်များ အနက် လက်ဘနွန်လူမျိုး အများစု ပါဝင်ပြီး စုစုပေါင်း (၅၄)ဦး အထိ ရှိနိုင်သည်။ ထို့အပြင် အီသီယိုးပီးယား နိုင်ငံသား (၂၂)ဦးနှင့် အီရတ်၊ ဆီးရီးယား၊ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံသားများ ပါသွားကြောင်းလည်း သိရသည်။ လက်ဘနွန် သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဂက်ဇီအာရဒီက လေယာဉ်ပျက်ကျရာ နေရာသည် ကမ်းခြေရွာလေး တခုဖြစ်သည့် နမားမှ အနောက်ဖက် ကီလိုမီတာ တဝက်အကွာ ပင်လယ်တွင်းတွင် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

လေယာဉ် ပျက်ကျပြီးနောက် လေယာဉ်ပေါ် ပါသွားသူ လက်ဘနွန် နိုင်ငံသားများ၏ မိသားစုများက ကမ်းခြေတွင် လာရောက်စုရုံးကာ သတင်း အခြေအနေကို စုံစမ်းမှုများ ပြုလုပ်လျက် ရှိသည်။ အီသီယိုးပီးယား လေကြောင်းလိုင်း ဝဘ်ဆိုဒ်တွင် ဖော်ပြထားမှုအရ ယင်း Boeing 737 လေယာဉ်သည် ဘေရွတ်မှ အက်ဒစ်ဘာဘာ သို့ ဦးတည် ပျံသန်းရန် ရည်ရွယ်ထားကြောင်း သိရသည်။

Boeing 737 သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံး ခရီးသည်တင် လေယာဉ် အမျိုးအစားဖြစ်ပြီး စတင်မိတ်ဆက် ထုတ်လုပ်သည့် (၁၉၆၇)ခုနှစ်မှ စကာ အစင်းရေ (၆၀၀၀)ကျော် ရောင်းချထားရပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here