Avatar ဇာတ်ကား Titanic ဝင်ငွေကို ကျော်ဖြတ်တော့မည်

alt

Avatar ဇာတ်ကားသည် Titanic ကို ကျော် ဖြတ်ကာ ကမ္ဘာပေါ်တွင် ဝင်ငွေ အကောင်းဆုံး ဇာတ်ကား အဖြစ်သို့ ရောက်ရှိရန် သေချာ သွားပြီ ဖြစ်သည်။

ဇန်နဝါရီလ (၂၄)ရက် နေ့အထိ စာရင်းများ အရ Avatar သည် လွန်ခဲ့သော (၁၂)နှစ် က ကမ္ဘာနှင့်အဝှမ်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည့် Titanic ၏ စုစုပေါင်း ဝင်ငွေကို မှီရန် ဒေါ်လာ (၂)သန်းသာ လိုတော့သည်။

နှစ်ကားလုံး ဒါရိုက်တာ ဂျိမ်းကင်မရွမ်း ၏ လက်ရာများ ဖြစ်ကြသည့်တိုင် Titanic သည် ဒေါ်လာ(၁.၈၄၃)ဘီလျံ ရရှိရန် (၁၀)လကြာ အချိန်ယူ ခဲ့ရသော်လည်း Avatar ကမူ (၆)ပါတ် အကြာတွင် ဒေါ်လာ (၁.၈၄၁)ဘီလျံ အထိ ရရှိနေပြီ ဖြစ်သည်။

3D Animation ပြုလုပ်ချက်များဖြင့် ရိုက်ကူးထားသော Avatar သည် (၆)ပါတ် ဆက်တိုက် Box Office ၏ ရုံဝင်ကြေး အမြင့်ဆုံး စာရင်းတွင်လည်း နံပါတ်(၁) နေရာမှ မဆင်းသေးချေ။ Avatar ဇာတ်ကားသည် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး Drama ဇာတ်ကားဆု နှင့် အကောင်းဆုံး ဒါရိုက်တာဆု များကိုလည်း သိမ်းပိုက် ရရှိထားရာ အော်စကာ ဆုပေးပွဲတွင်လည်း ဆုများစွာ ရရှိမည်ဟု ရေပန်းစား နေခဲ့သည်။

လေ့လာသူများက အော်စကာတွင် အောင်မြင်မှုများ ထပ်မံရရှိပါက Avatar သည် သမိုင်းတလျှောက် ဝင်ငွေဒေါ်လာ (၂)ဘီလျံကျော်သည့် ပထမဆုံး ဇာတ်ကား ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ Avatar သည် အော်စကာ ဆုပေးပွဲတွင်လည်း အကောင်းဆုံး ဇာတ်ကားဆု နှင့် အကောင်းဆုံး ဒါရိုက်တာဆု များအတွက် ရေပန်းစားသည့် စာရင်းတွင် ပါဝင်နေဆဲ ဖြစ်ကြောင်း ဟောလီးဝုဒ်မှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here