နယူးဇီလန် ဗဟိုတရားရုံး အဆောက်အဦး ဖွင့်ပွဲ ဗြိတိန်မင်းသား တက်ရောက်

alt

နယူးဇီလန်နိုင်ငံ၊ ဗဟိုတရားရုံး အဆောက်အဦးသစ် ဖွင့်ပွဲ အခမ်းအနားတွင် ဗြိတိသျှ တော်ဝင်မင်းသား ဝီလျံသည် တော်ဝင်မိသားစုဝင် တဦးအနေနှင့် အဓိကကျသော မိန့်ခွန်းအား ပထမဆုံး အကြိမ် မိန့်ကြား

သွားခဲ့သည်။

အသက် (၂၇)နှစ်ရှိ မင်းသားသည် ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကေး အပါအဝင် ဂုဏ်သရေရှိ ဧည့်သည်တော်များ နှင့်အတူ မြို့တော် ဝယ်လင်တန်ရှိ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဇန်နဝါရီလ (၁၇)ရက်နေ့ ဖွင့်ပွဲတွင် မင်းသားဝီလျံက နယူးဇီလန်သည် မည်သည့် အမှီအခိုမှ မပါဘဲ ရပ်တည်နိုင်သော နိုင်ငံတခု ဖြစ်သော်လည်း ဗြိတိန်နှင့် ထာဝရ ပေါင်းစည်း ဆက်နွယ်နေခြင်း အတွက် ကျေနပ်မိကြောင်း ပြောကြားသွားခဲ့သည်။

မင်းသားသည် ဗြိတိန် ဘုရင်မကြီးကိုယ်စား ပထမဆုံး အကြိမ်အဖြစ် ပင်လယ်ရပ်ခြား နိုင်ငံတခု၏ အဓိက အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။ ဝီလျံသည် နယူးဇီလန် ဓလေ့ ထုံးစံများအတိုင်း ပြုမူကျင့်ကြံ ခဲ့ခြင်းကြောင့် ပြည်သူများ၏ ကောင်းချီးပေးမှုကို ခံခဲ့ရသည်။ ဝီလျံက မိမိအနေနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးပြီး တောင့်တင်းခိုင်မာသည့် နိုင်ငံတခုမှ ပြည်သူများအား မိန့်ခွန်း ပြောခွင့်ရသည့် အတွက် ဂုဏ်ယူမိကြောင်း ထည့်သွင်း ပြောကြားသွားသည်။

ဝီလျံသည် မိန့်ခွန်းအတွင်း ဟေတီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ပတ်သက်ပြီးလည်း ထည့်သွင်း ပြောဆိုသွားရာ ဟေတီ ပြည်သူများ၏ ထိတ်လန့် တုန်လှုပ်မှုအတွက် ကိုယ်ချင်းစာမိကြောင်း ပြောကြားခဲ့သည်။

မင်းသားဝီလျံ ဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိလာချိန်တွင် နယူးဇီလန် ပြည်သူများစွာက လှိုက်လှဲစွာ ကြိုဆိုခဲ့သော်လည်း ဘုရင်စံနစ်ကို ရှုတ်ချဆန္ဒပြသူ အနည်းငယ်လည်း ရှိနေခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here