အရင်ဘဝမျိုး ရချင်သူ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ဆရာကြီး ဦးတင်မိုး နှင့် ကျနော် အမှတ်မထင် ၁၉၉၂ – မှာ တွေ့ဆုံခဲ့ရ၊ ခင်မင်ခဲ့ ရပါတယ်။ နေရာကား မြန်မာ့ နိုင်ငံရေး သမားများ အထူး ခြေရှုတ်တဲ့

အင်းစိန် ထောင်က အဆောင် အမှတ် (၅)မှာပါ။ ဆရာကြီးက စာပေသမား ဆိုတော့ စာဖတ်များခဲ့တဲ့ အတွက် ကျနော်တို့ လူငယ်အချို့နဲ့ နေ့လည် ထမင်းစားပြီးချိန် ၁၂ နာရီ ကနေ ၃ နာရီခွဲခန် ့အထိ (ထောင်ရေချိုး မချသေးတဲ့ အချိန်) လွတ်လပ်စွာ အတူနေခွင့် စကားပြောခွင့် ရကြပါတယ်။

ဒီအချိန် ဆရာကြီးက စာ အလွန်ဖတ်ချင်ပုံ ရပါတယ်။ ခက်တာက ထောင်မှာ ဘုရားရှိခိုး အမျိုးမျိုး စာအုပ်ကလွဲရင် အခြားစာအုပ်တွေ အဲဒီတုန်းက ထောင်ထဲထားခွင့် မရှိသလို၊ အိမ်ကနေ ထောင်ဝင်စာ မှာသွင်းခွင့် လည်း မရှိပါဖူး။ ဒီတော့ ဆရာကြီးက လူငယ်တွေဆီက ဖတ်ခဲ့ မှတ်ခဲ့သမျှတွေကို တယောက် တလှည့်စီ ပြန်ပြော ကြရင်း၊ဆရာကြီး ထံမှလည်း အတူ နားထောင်ပြီးတာနဲ ့ ထင်မြင်ချက်တွေ ပြန်လည်ဝေဖန် သုံးသပ် ဆွေးနွေးကြတဲ့ စာပေဝိုင်းလေး အဆောင်(၅) ရဲ့ အမှတ် ၃ – အခန်းမှာ လုပ်ဖြစ်ခဲ့ကြပါတယ်။ ကျနော်တို့လို့ ဆိုရာမှာ ဒီအချိန် အများအားဖြင့် မဟာသိပ္ပံ ရူပဗေဒ(ကျမ်းပြု) ကျောင်းသား ကိုသုတအောင်၊ မဟာသိပ္ပံ သချင်္ာ (ကျမ်းပြု) ကျောင်းသား ကိုကျော်ကျာ်ဝင်း၊ ရွှေဘိုနယ်မှ ကိုအောင်မင်း၊ ဒိုက်ဦးမှ ကျောင်းဆရာ ကိုစိုးလွင်၊ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ် မှ ရောက်လာသူ စောသက်ထွန်း (ဒန်သွား) တို ့ ဖြစ်ကြပါတယ်။ အခြားသူ များကတော့ ရံဖန်ရံခါ မှသာ လာရောက် နားထောင် တတ်ကြပါတယ်။

အလှည့်ကျ တရက်ကို တဦးစီ ဖတ်ခဲ့ပြီးသမျှမှ ပြန်ပြောကြတယ် ဆိုရာမှာ ဝတ္တု၊ ရုပ်ရှင်၊ ဗွီဒီယို ဇာတ်လမ်းနဲ့၊ သုတဖြစ်ဖွယ် ဘဝဖြတ်သန်းမှု စုံလင် လှပါတယ်။ ဥပမာ။ ။ ကျနော်မှ ဆရာကြီး တက်တိုး၏ “သောက ကင်းဝေး နေနိုင်ရေး”၊ ဒါရိုက်တာ ဦးဝင်းဖေ ရိုက်ကူးသည့် “မဟူရာ”၊ “နှင်းဆီနီ အိပ်မက်”ဇာတ်ကားများ အကြောင်း၊ ကိုသုတအောင်မှ `“ပလိပ်”၊ “စည်းအပြင်မှ လူ” စာအုပ်များ အကြောင်း၊ စသည်ဖြင့် အကြောင်းအရာ တနေ့တမျိုး စုံလင်လှပါတယ်။

တနေ့သား မှာတော့ ဆရာကြီးဦးတင်မိုး ပြောရမယ့် အလှည့်ရောက်လာ ပါတယ်။ သူက ဘာအကြောင်းများ ပြောပြစေချင်သလဲ လို့ အရင်မေးပါတယ်။ ဒီတော့ ကျနော်က “ ဆရာကြီးကို လူတွေက ပြောကြတယ် – ဦးတင်မိုးလဲ တချိန်တုန်းက တက္ကသိုလ် ဝန်ထမ်းဘဝနဲ့ မ.ဆ.လ အကျိုးပြုစာပေတွေ ရေးခဲ့ပြီးမှ၊ အခုချိန်မှာ ဒေါ်စုဘက် ပါသွားတဲ့လူလို့ ပြော ပြောနေကြပါတယ်။ ဘယ်လိုလုပ်ပြီး နိုင်ငံရေးထဲ ဝင်လို့ အခုလို ထောင်ထဲ ရောက်ရတယ် ဆိုတာပြောပါ”လို့ ပြောပါတယ်။ နားထောင်နေသူ အားလုံးကလည်း “ဟုတ်ပါတယ်” လို့ ဝိုင်းဝန်း ထောက်ခံတောင်းဆို အတည်ပြု ကြပါတယ်။

ဦးတင်မိုးက သူ့ဝသီ ဓလေ့အတိုင်း ဆေးလိပ်ကို နှစ်ဖွာလောက် ဖွာလိုက်ပြီးမှ အေးဆေး တည်ငြိမ်စွာဖြင့် “ကျွန်တော်က ကဗျာဆရာ ဆိုတော့ ကဗျာတွေရေး၊ ကဗျာစာအုပ်တွေ ထုတ်၊ တချို့ မဂ္ဂဇင်းတိုက်တွေ ပို့နဲ့ ဒါပဲ ကိုယ်လုပ်စရာရှိတာ လုပ်ခဲ့တာပါ။ ပုံနှိပ် ဖော်ပြခံရတဲ့ ကျုပ် ကဗျာတွေကို ကျောင်းသုံးစာအုပ် ပြုစုရေး ကော်မတီက ပြဌာန်းချက်မှာ ထည့်သွင်း ပြဌာန်းသင့်တယ်လို့ သူတို့ဟာသူတို့ ယူဆပြီး အသုံးပြုခဲ့ကြတာပါ၊ ကျနော်က“မ.ဆ.လ” အတွက် သုံးပါစေတော့လို့ ရည်ရွယ်ပြီး ရေးခဲ့။ ပေးခဲ့တဲ့ ကဗျာ မရှိခဲ့ပါဘူး။ ပြည်သူတွေ ဖတ်ဖို့၊ ခံစားဖို့ ရည်ရွယ်ပြီး ရေးခဲ့တာတွေ ချည်းပါ။ အင်း ….. နိုင်ငံရေး ကိစ္စကတော့ လူအများ မြင်ကြ ထင်ကြသလို တက္ကသိုလ် ဝန်ထမ်းဘဝက အနားခံရပြီး မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည် အနား ပြေးကပ်တယ် ဆိုရင်ဖြင့် အလွန်ကို မှားယွင်းတဲ့ အမြင်ပါ။ ဆိုပါတယ်။

ကျနော် ၁၉၇၂-၇၃ ခုနှစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူအများ သတိမထားမိခင် ကတည်းက ခင်မင် ခဲ့ကြတာပါ။ ဆိုပြီး ဆရာဦးတင်မိုးက အနားမှာရှိတဲ့ ထောင်မှာ ရှားရှားပါးပါး ရခဲလှတဲ့ ရေနွေးကြမ်း ပန်းကန်ကို ယူသောက် ပြီးတော့မှ – စကားကို ဆက်ပါတယ်။ ဒီလိုဗျာ — “တနေ့ မြန်မာစာဌာနက ဆရာမ တယောက် ကျနော့် အိမ်ရောက်လာတယ်။ အကူအညီတခု တောင်းချင်လို့တဲ့။ ကိစ္စက နိုင်ငံခြား တက္ကသိုလ်တခုရဲ့ စာကြည့်တိုက်မှာ ထားသင့်တဲ့ မြန်မာ့ စာပေလောက က စာအုပ်မျိုးတွေ လိုက်ဝယ် ပေးရာမှာ ကူညီဖို့လို့ ပြောပါတယ်။ အခုလို အကူအညီ တောင်းရတာ ကလည်း ကျမ က မြန်မာစာဌာနမှာ လုပ်နေပေမယ့် မြန်မာစာကို ကျမထက် ပိုပြီးနှံ့စပ်တဲ့ ကဗျာဆရာ၊ တက္ကသိုလ် ကျောင်းဆရာ တယောက်ရှိကြောင်း၊ သူနဲ့ ဆိုရင် စာအုပ်စာပေ ရှာရတာ ပိုပြီး လွယ်ကူနိုင်မှာဖြစ်တဲ့ အကြောင်း၊ ကြိုပြီး ဆရာ့ အကြောင်း သူ့ကို ရှင်းပြထားပြီး ဖြစ်ကြောင်း၊ သူ အခုရောက်လာမယ့် အကြောင်း ကျနော့်ကို အဲဒီဆရာမက ရှင်းပြပါတယ်။

စာအုပ် လိုချင်တဲ့ သူ မကြာခင် မြန်မာပြည် ရောက်လာပါလိမ့်မယ်။ ဆရာ အနေနဲ ့ ကူညီနိုင်၊ မကူညီနိုင် သိချင်ပါ တယ်တဲ့။ ကျနော်ကလည်း ဖြစ်ပါတယ်။ ကူညီပါ့မယ် ဆိုတော့၊ သူလာရင် ကျမ လာခေါ်မယ်နော် ဆိုပြောကာ အဲဒီဆရာမက ရှေ့အပတ်လောက် ဖြစ်မယ်လို့ ပြောပြီး ပြန်သွားပါတယ်။ နောက်တပတ် သောကြာနေ့ တရက်မှာ အဲဒီ ဆရာမဆီက ကျနော်တော် အလုပ် လုပ်နေတဲ့ ရုံးခန်းကို ဖုန်းဆက်ပါတယ်။ မနက်ဖန် စနေနေ့မှာ ကျမနဲ့ ကျမ မိတ်ဆွေ လာပါမယ်။ မြို့ထဲ စာအုပ်ဝယ်ဖို့ စီစဉ်ပေးပါလို့ ပြောပါတယ်။ နောက်နေ့မှာပဲ အဲဒီဆရာမနဲ့ အမျိုးသမီး ကားနဲ့ ရောက်လာပါတယ်။ ဆရာမက သူမြို့ထဲ မလိုက်ပဲ မိတ်ဆွေ အမျိုးသမီးနဲ့ အတူလိုက်ပြီး စာအုပ်တွေ ရွေးချယ်ဝယ်ယူပေးဖို့ ပြောရင်း ကားဆီခေါ်သွားကာ စာအုပ်လိုချင်တဲ့ မိတ်ဆွေနဲ့ မိတ်ဆက် ပေးပါတယ်။ ကျနော် မိတ်ဆက်မိတဲ့ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါလို့ ဆရာကြီး က ဆေးလိပ်မီးခိုး မြှင်းကာ မှုတ်ထုတ်လိုက်ရင်း ပြောပြပါတယ်။

ဆက်ပြောယင်း ဆရာကြီးက သူထင်ထားတာက နိုင်ငံခြားက လာတဲ့ အမျိုးသမီးဆိုတော့ ဘောင်းဘီရှည်နဲ့ လား?၊ စကတ်ရှည်နဲ ့လား ?၊ ဒီလို ထင်နေတာ။ တကယ်တွေ့တော့ သူက ရင်ဖုံးအင်္ကျီနဲ့ မြန်မာထမီနဲ့။ အခု ခင်ဗျားတို့ မြင်ရတဲ့ အတိုင်းပဲ အဲဒီတုန်းက ဝတ်ထားတာ။ နို်င်ငံခြားမှာ သူအနေ ကြာပေမယ့် သူ့မှာ မြန်မာမှု အပြည့် ရှိနေတာ စတွေ့ရတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြို့ထဲကို လေးဘီး ကားလေးတစီးနဲ့ စာအုပ်တိုက်တွေ ဝင်ကြတယ်။ ကားပေါ်မှာ ကျွန်တော်ပြောပြတဲ့ စာအုပ်အမည်တွေ သူလိုက်မှတ်ပြီး ရှာကြတယ်။ ပြီးတော့ လသာလမ်း ဖက်က ကြေးအိုးဆိုင်မှာ နေ့လည်စာ ကြေးအိုး သောက်ကြတယ်။ စာအုပ်တွေ ရှာရင်းနဲ့ မောပြီဆိုရင် ၃၆ လမ်းထဲမှာ အအေး သောက်ကြတယ်။ အဲဒီတုန်းက ကျနော့်ကိုလည်း ဦးတင်မိုးလို့ လူတွေ သတိမထားမိတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လူတွေက အမှတ်ထင်ထင် မရှိကြသေးတဲ့ အချိန်ပေ့ါ။ သိပ် လွတ်လပ်တာပဲလို့ ဆရာကြီးက အတိတ်ကို တခုတ်တရနဲ့ ဆိုပြန်တယ်။

နောင်နှစ်တွေ သူ မြန်မာနိုင်ငံ လာတော့မယ်ဆိုရင် ကြိုပြီး စာရေးတယ်။ ပြီးတော့ ကျနော့်ဆီ သူ လာတယ်။ အခု သူနေတဲ့ တက္ကသိုလ် ရိပ်သာလမ်း အိမ်ကိုလည်း တခါတရံ ကျနော် လိုက်လည်တယ်။ ထူးခြားတာ ကတော့ အမေကြည် (ဒေါ်ခင်ကြည်) ပဲ။ ကျနော် က“အမေကြည်- တိုင်းပြည်မှာ ဖြစ်နေတာ ဗိုလ်ချုပ် ကတော်တဦး အနေနဲ့ ဘာမှ မလုပ်တော့ဘူးလား၊ ကုန်ဈေးနှုန်းတွေ ကြီးပြီး ပြည်သူတွေ ဒုက္ခ ရောက်နေချိန်မှာ တခုခု လုပ်သင့်တယ်။ ဟိုလူကြီးတွေ အရမ်း ချမ်းသာနေကြပြီ။ အမေကြည်နဲ့ ပြည်သူတွေသာ သာမန် ဖြစ်နေကြတာ”လို့ ပြောတော့ အမေကြည် က အော်- သူတို့ အဲသလောက်ကြီးကို ဆိုးမှာ မထင်ပါဘူးလို့ အေးဆေးတည်ငြိမ်စွာ ပြန်ပြောတော့ အနားမှာ ဒူးတုပ် ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရော ကျနော်ရော မချိတင်ကဲ ရယ်ဖြစ်ခဲ့ကြသေးတယ်လို့ ဆိုတယ်။

ကျနော််ပြန်တော့ အမေကြည်က သူစိုက်ထားတဲ့ ဗူးပင်က ဗူးသီးတွေ ပေးလိုက်လို့ အပြန်မှာ လေးဘီးငှားပြီး ပြန်ခဲ့ရတယ်။ တခါတရံ ဒေါ်အောင်ဆန်းစုကြည် ပြန်သွားလို့ အိမ်မှာ မရှိတဲ့ တချို့ ရက်တွေမှာ အမေကြည်ဆီ အလည် သွားဖြစ်ပါတယ်။ ကျနော် မလာတာကြာရင်လဲ အမေကြည်ဆီက ဗူးသီးလူကြုံ ကားကြုံနဲ့ ရောက်လာ တတ်ပြီး အားရင် အလည်လာဖို့ အမှာစကား ပါလာတတ်ပါတယ်။ ၁၉၇၃ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်း စုကြည် မြန်မာပြည် လာတိုင်း သူ့အိမ် ကျနော် သွားလည်ဖြစ်တာများ ပါတယ်။ သူကလည်း သူဝယ်သင့်တယ် ထင်တဲ့ စာအုပ်တွေ ကျနော့်ကို ပြောပြ၊ ကျနော်ကလည်း ကျနော် ဖတ်မှတ်ထားတဲ့ စာအုပ်တွေထဲက နိုင်ငံခြား စာကြည့်တိုက်မှာ ထားသင့်တဲ့ စာအုပ်တွေ လိုက်ဝယ်ပေးနဲ့ အကြိမ်များစွာ ဆုံခဲ့ အတူ သွားခဲ့ကြတာပါ။ သူလာတိုင်း မြို့ထဲက အအေးဆိုင်မှာ၊ လဘက်ရည်ဆိုင် တွေမှာ၊ ကြေးအိုးဆိုင်မှာ ထိုင်ပြီး လွတ်လွတ်လပ်လပ် စကားပြောရတာ မမေ့နိုင် စရာတွေပေါ့။

နောင်နှစ်တွေ သူ မြန်မာပြည် ပြန်လာတော့ သူ့ သားလေးတွေ မြန်မာစာ သင်ပေးချင်လို့ အလွယ်ဆုံးနဲ့ စံနစ်အကျဆုံး မြန်မာစာအုပ်တွေ လိုချင်တယ် ဆိုလို့ ကလေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေလဲ ဝယ်ပေး ရသေးတယ်။ သူ နှစ်စဉ် မြန်မာ ပြည်ကို ပြန်လာနေကြပါ။ လူတွေက အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို သတိမထားမိ ခဲ့ကြတဲ့ အချိန်ဆိုတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့ကြတာပါ။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် က ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး နိုင်ငံရေး လောကထဲ ရောက်သွားတော့ ကျနော့်ကို သူနဲ့ နိုင်ငံရေး လုပ်ဖို့့ ပြောပါတယ်။ ကျွန်တော်က “တတ်-သိ ပညာရှင်များ” အဖွဲ့မှာ ပါ ပါတယ်။ နောက် အဖွဲ့ ၃ဖွဲ့ ပေါင်းပြီး “အင်န်အယ်လ်ဒီ” ဖွဲ့တော့ ကျနော် မပါတော့ဘူး။ မှတ်မှတ်ရရ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲ အတွက် ဆောင်ပုဒ်တွေ ရေးကြတော့ ဆရာမင်းသုဝဏ် က “ ငုနဲ့ ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ ခမောက် မေ-မှာ နိုင်မည်” ဆိုတာ ရေးတယ်။ ကျနော် က “ခမောက်ဘေးမှာ ကြက်ခြေခတ် ပြည်သူ့့ အောင်ပွဲမှတ်” ဆိုတာ ရေးခဲ့ တယ်လို့ ဆိုပါတယ်။

အင်း- အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ၁၉၈၈ မတိုင်မီက အချိန်တွေမျိုး ပြန်မရနိုင်တော့ဘူး ထင်ပါတယ်။ သူ့ကို တွေ့ခွင့်ရဖို့ မလွယ်တော့ဘူး ထင်တယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ သူနဲ့ ကျနော် ၁၉၇၂-၇၃ ကာလမှာ စတွေ့ကြတုန်း ကလို ရန်ကုန်မြို့ထဲက စာအုပ်တိုက်တွေမှာ အတူ စာအုပ် လျှောက်ဝယ်ကြရင်း၊ စာကြောင်း ပေကြောင်းတွေ အထွေထွေ ဗဟုသုတတွေ ပြောရင်း စာအုပ်တိုက်တွေနားက လဘက်ရည်ဆိုင်မှာ၊ ၃၆ လမ်းက အအေးဆိုင်မှာ ထိုင်ပြီး လွတ်လွတ်လပ်လပ် ရယ်ရယ်မောမော စကားပြောခွင့် ရချင်တယ်။ အဲလို အချိန်မျိုးတွေ ပြန်တမ်းတမိ လိုချင်မိတယ်” လို့ ဦးတင်မိုးက ပြောပြပါတယ်။

စာကြွင်း—
ယခုတော့ ဦးတင်မိုး ကွယ်လွန်သည်မှာ ၂၂၊ ၁၊ ၂၀၁၀ ဆိုရင် ၃ နှစ် ပြည့်ပါပြီ။ ကျနော်နှင့် သူ ဘန်ကောက်မှာ ၂၀၀၃ ဇန်နဝါရီလက ပြန်ဆုံစဉ် ရာမင်တြာလမ်းရှိ လတ်ပလတ်ခေါင် ဈေးထဲက လဘက်ရည်ဆိုင်မှာ အတူ ထိုင်းရင်း သူ တောင့်တခဲ့သော နေ့ရက်များ အကြောင်းကို မှတ်မှတ်ရရ ပြန်ပြောင်း မေးကြည့်တော့ မျှော်လင့်ရတာ အရသာ တခုပေါ့ဟု သူ့မျက်နှာပြုံးပြံုး ကြီးနဲ့ အတိတ်ကို တရှိုက်မက်မက် ပြန်ပြောပါခဲ့ ပါသေးတယ်။

သန်းတိုးရှိန်

LEAVE A REPLY

Please enter your comment!
Please enter your name here