ဆိုက်ဘာ တိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးရန် တရုတ်အား ဟီလာရီကလင်တန် တောင်းဆို

alt

ဟီလာရီ ကလင်တန်က တရုတ် အစိုးရအား Google သို့ ဦးတည် ခဲ့သည့် ဆိုင်ဘာ တိုက်ခိုက် မှုများ အပေါ် စုံစမ်းစစ်ဆေး ပေးရန် တိုက်တွန်း လိုက်ကြောင်း သိရှိ ရသည်။

ကမ္ဘာနှင့်အဝှမ်း အင်တာနက် အခွင့်အရေး ညီမျှမှုအတွက် မကြာသေးမီက ဖြစ်ပွားခဲ့သည့် Google သို့ Hacker များက တိုက်ခိုက်ခဲ့မှု အား စုံစမ်းဖော်ထုတ် ပေးသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

ထို့အပြင် Google ကဲ့သို့ Search Engine လုပ်ငန်းများသည် နိုင်ငံရေး လှုံ့ဆော်မှုများ ဆင်ဆာ ဖြတ်တောက် ခြင်း ကဲ့သို့ တောင်းဆိုမှုများအား ငြင်းပယ် သင့်ကြောင်းလည်း ဟီလာရီက ပြောကြားခဲ့သည်။ အင်တာနက် လွတ်လပ်စွာ သုံးစွဲခြင်းကို တားမြစ်ထားသည့် နိုင်ငံများရှိ User များသည် အခြေခံ အခွင့်အရေးများအား မျက်ကွယ်ပြု ခံရခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဟီလာရီက Google အနေနှင့် တရုတ်နိုင်ငံတွင် လုပ်ငန်းဆက်လက် မရပ်တည်ရန် စဉ်းစားမှုပင် ပြုလုပ်ခဲ့သည့် Hacking ကိစ္စများအတွက် တရုတ်အစိုးရ တာဝန်ရှိသူများက လိုအပ်သော စုံစမ်းမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့သေးသည်။ Google သည် မကြာသေးမီက တရုတ်တွင် ဆက်လက် အလုပ်လုပ်ရန် ပြန်လည် သုံးသပ်နေပြီဟု ကြေညာခဲ့သည်ကို ကိုးကားပြီး တရုတ် အာဏာပိုင်များ အနေနှင့် Search Engineများ၏ အခွင့်အရေးကို ကာကွယ်ပေးသင့်ကြောင်း ပြောကြားသွားသည်။

ထို့အပြင် ဟီလာရီသည် အင်တာနက် လွတ်လပ်ခွင့်နှင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ အကြောင်းကိုလည်း ပြောကြားသွားသည်။ အချို့သော နိုင်ငံများသည် ယင်းတို့၏ ပြည်သူများအား ကမ္ဘာနှင့် ချိတ်ဆက်မှုကို တားဆီးနိုင်ရန် အင်တာနက်ကို ပိတ်ပင်မှုများ ပြုလုပ်နေကြောင်း၊ အင်တာနက်သည် သတင်းစီးဆင်းမှုကို လွတ်လပ်စွာ ဖြစ်ပေါ်နေသည့် ရင်းမြစ်လည်း ဖြစ်ကြောင်း ဟီလာရီက ဆိုသည်။

ဝန်ကြီးက သတင်းများကို ဆင်ဆာဖြတ် ပိတ်ပင်နေသည့် တူနီးရှား၊ အူဘက်စ္စတန်၊ အီဂျစ်နှင့် ဗီယက်နမ် တို့ကိုလည်း အင်တာနက် လွတ်လပ်ခွင့်အတွက် တောင်းဆို သွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here