Internet Explorer အသုံးပြု ခြင်းကြောင့် လုံခြံုရေး ပြဿနာများ ပေါ်ပေါက်နိုင်ဟု သတိပေး

alt

ပြင်သစ် အစိုးရသည် နာမည်ကျော် Web Browser တခုဖြစ်သည့် Internet Explorer (IE) အား အသုံးပြုခြင်းကြောင့် လုံခြံုရေး ပြဿနာများ ပေါ်ပေါက် လာနိုင် ကြောင်း တရားဝင် သတိပေး ခဲ့သည်။

Microsoft မှ ထုတ်လုပ်ပြီး ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Browser အဖြစ် ရပ်တည် နေသော IE အစား အခြားသော Browser အမျိုးအစား များအား Download လုပ် သုံးစွဲ သင့်ကြောင်း တာဝန်ရှိသူ များက ဆိုသည်။

ယခု သတိပေးချက်မှာ IE တွင် အလွန်ကြီးမားသည့် လုံခြံုရေး ယိုပေါက်ကြီးများ ဖြစ်ပေါ် နေသည်ကို ပညာရှင် များက တွေ့ရှိပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဂျာမနီ အစိုးရက ပထမဆုံး တရားဝင် ကြေညာခဲ့ပြီး ပြင်သစ် နိုင်ငံကပါ ဂျာမနီ၏ လမ်းစဉ်ကို လိုက်လံ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

Microsoft သည် ပြီးခဲ့သည့် သီတင်းပါတ် အတွင်းက Hacker များ မကြာခဏ ထိုးဖောက် တိုက်ခိုက်မှု အန္တရာယ် မြင့်တက်လာခြင်းနှင့် IE ၏ အားနည်းမှုတို့ကြား ဆက်စပ် နေသည်ကို ဝန်ခံခဲ့ရသည်။ ထို့နောက်တွင် IE ၏ ယိုပေါက်များကို အသုံးချထားသည့် ဆိုင်ဘာ ရာဇဝတ်မှုများ ပိုမိုထူပြော လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ယခု ကိစ္စကြောင့် Browser လောကတွင် အသုံးပြုသူ အရေအတွက် အများစုကို ပိုင်ဆိုင်ထားသည့် IE အနေနှင့် Mozilla ၏ Firefox နှင့် Google ၏ Chrome တို့ကို ဈေးကွက် လွှမ်းမိုးမှု ခွဲဝေ ပေးရဖွယ်ရှိနေသည်။ ပညာရှင် အချို့ကမူ IE ၏ အရှိန်အဝါ ကြီးမားမှုကြောင့် Microsoft ကသာ အချိန်မီ ပြင်ဆင်မှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျင် IE အပေါ် အသုံးပြုသူများ၏ ယုံကြည်မှုမှာ ဆိုးဆိုးရွားရွား ကျဆင်းသွားဖွယ် မရှိနိုင်ကြောင်း ထောက်ခံထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here