ဆားချက် နေထိုင်ကြမည် ဥရောပဆီ

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

အိမ်သာတော့ ဧည့်လာတယ်တဲ့၊ ဥရောပ နိုင်ငံတွေဟာ ကြွယ်ဝ ချမ်းသာကြတယ်၊ လူမှုရေး အကူအညီ ပေးမှုတွေ ကောင်းတယ်။

လူ့အခွင့်အရေး လား ? ပြောမနေ ပါနဲ့ ဗျာ ! ကမ္ဘာ့နံပါတ်(၁) လေ၊ ဒီတော့ ဘယ်လို ပုံသဏ္ဍာန်နဲ့ ဥရောပကို ရောက်လာလာ မပြန်ချင် ကြတော့ဖူးလေ အဲဒီတော့ အကြံကုန် ဂဠုန် ဆားချက်ပြီး နေထိုင်ခွင့် ကြိုးစား ကြတာတွေ ပြောပြ ရဦးမယ်။

ဒီနည်းကတော့ နော်ဝေ လာမယ့် သူဆီကို နော်ဝေ နိုင်ငံသားဖြစ်နေတဲ့ သူတယောက်က ခေါ်စာပို့တာ ရရှိမှ လာလို့ရပါမယ်။ စပွန်ဆာလို့ ခေါ်တဲ့ အဲဒီခေါ်စာကို ပေးဖို့ကလဲ အဲဒီ ပေးမယ့်သူက တနှစ်ကို ပျမ်းမျှဝင်ငွေ နော်ဝေ ခရိုနာငွေ ၂သိန်း ၂သောင်း ဝင်ငွေရှိတဲ့လူ ဖြစ်ရပါမယ်။ ပြီးတော့ အဲဒီလူမှာ အိမ်တို့ ကားတို့ ပိုင်ဆိုင်မှုများ ရှိခဲ့ရင် ပိုပြီးကောင်းတယ်လို့ သိရပါတယ်။ အဲဒီ ခေါ်စာမှာ နော်ဝေ ကို အလည် လာရောက်မယ့်သူ အတွက် သွားရေး၊ လာရေး ခရီးစရိတ်။ စားသောက်စရိတ် အားလုံး တာဝန်ယူပါမယ် ဆိုတဲ့ အကြောင်းပါ ထည့်ရေးရတယ်လို့ သိရပါတယ်။

စပွန်ဆာနဲ့ အလည် ရောက်လာကြတဲ့ သူတွေ နောက်ကွယ်မှာ လှို့ဝှက်ချက်တွေ အများကြီး ရှိပါတယ်။ တချို့ကို မြင်သာအောင် နမူနာ ပြောပြရရင် ….. တလောက ကျွန်တော်အသိ ထိုင်းအမျိုးသမီး တယောက်ရဲ့ မိတ်ဆွေ နော်ဝေ ကို အလည် ရောက်လာပါတယ်။ သူက ပြောပြ အကူညီတောင်းတယ်။ သူ့ သူငယ်ချင်း နော်ဝေမှာ ဆက်နေချင်တယ် တဲ့။ အလုပ် အကိုင်ရနိုင်မလား? အဆက်အသွယ် ရှိရင်ပြောပါ။ အလုပ်အကိုင်် ပေးနိုင်ရင် အလုပ်အကိုင် ရမယ်ဆိုရင် အလုပ်ကို အကြောင်းပြပြီး နော်ဝေမှာ ဆက်နေခွင့် ရနိုင်မယ်တဲ့။

ပြီးတော့ အခု U.N.H.C.R အစီအစဉ် ပြန်လည်နေရာချထားရေး နဲ့ ရောက်လာကြတဲ့ မြန်မာတွေက နော်ဝေ နိုင်ငံသား ဖြစ်ခွင့် ရှိသလား ? တဲ့။ ရှိတယ်လို့ ပြန်ဖြေတော့ ဒါဆိုရင် မြန်မာနဲ့ လက်ထပ်တဲ့ တခြား နိုင်ငံသားလည်း နော်ဝေ နိုင်ငံသား ဖြစ်ခွင့် ရှိမှာဆိုတော့ သူ့ သူငယ်ချင်း ထိုင်း အမျိုးသမီးကို ဟန်ပြ လက်ထပ်ပေးလို့ ဖြစ်မယ့်သူရှိရင် ကူညီလို့ ရ-မရ မေးပါ တယ်။ ထိုင်း နိုင်ငံမှာဆိုရင် မြန်မာတွေဟာ ထိုင်း လူမျိုးတွေရဲ့ နိုင်ဖတ်တွေပါ။ အများအားဖြင့် ထိုင်းတွေဆီမှာ အလုပ် လုပ်ကြရတာ ဆိုတော့ အလုပ်သမားပဲ ဆိုပြီး အလွန် အထင်သေး တတ်ကြတာမျိုးပါ။ နော်ဝေ ရောက်တဲ့အထိ မြန်မာတွေကို ထိုင်းတွေ က အထင်သေးချင်တဲ့ စိတ်က မပျောက်ချင် သေးပါဘူး။ ဒါကြောင့် ထိုင်းတွေက မြန်မာဆိုရင် နော်ဝေ ဘာလို့ ရောက်ကြမှန်း မသိကြတဲ့သူ များသလို သူတို့ ထိုင်းလူမျိုးတွေလို နော်ဝေ ကို အလုပ် လာလုပ်ကြတဲ့ ဧည့်နိုင်ငံသားတွေ။ ယာယီ အလည် လာကြတဲ့သူတွေ။ နော်ဝေ လူမျိုးတွေကို လက်ထပ်ပြီး နေခွင့်ရဖို့ ကြိုးစားကြတဲ့ သူတွေလို့ မြင်တတ်ကြတာ များပါတယ်။ အခုတော့ မြန်မာတွေက နော်ဝေမှာ နေခွင့်ရဖို့ ခိုင်ပြီး ၊ သူတို့ ထိုင်းတွေက နော်ဝေမှာ နေခွင့်ရဖို့ မခိုင်တော့ အခြေအနေက သူတို့အမြင်နဲ့ ပြောင်းပြန် ဖြစ်နေပါပြီ။

ဒါကြောင့် နော်ဝေ ကိုရောက်နေတဲ့ မြန်မာကို လက်ထပ်လိုက်ရင် ထိုင်းနိုင်ငံသူဟာ နော်ဝေ နိုင်ငံသား ဖြစ်ခွင့်ရှိ-မရှိ သူတို့ မေးတာပါ။ ထိုင်း အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျပြီး နေတဲ့မြန်မာ- ကျနော့ အထင် ၅- ယောက် လောက်ရှိနေပါပြီ။ မြန်မာတွေက ကိုယ့်စည်း ကိုယ့်ကမ်းနဲ့ အနေများကြပြီး ထိုင်းတွေနဲ့ လူမှုရေးအရ သိပ် မဆက်စပ် ကြတော့ သူမေးတာ အဖတ်တင်ပြီး အလုပ်မဖြစ်ပါဘူး။ ဒါနဲ့ ဗီဇာ သက်တမ်းကုန်တော့ ထိုင်းကို ပြန်သွား ရရှာတာပေါ့။

အလားတူ ဖြစ်ရပ်မျိုး တခြား တမြို့မှာလည်း တွေ့ရပါသေးတယ်။ ဖြစ်ရတာက တောင်အာဖရိက နိုင်ငံတခုက အမျိုးသမီး တယောက် နော်ဝေ ကျောင်းသူနဲ့ အာဖရိက အလည်သွားရင်း ခင်ပြီး ခေါ်စာနဲ့ နော်ဝေကို အလည် ရောက်လာပါတယ်။ ၃လ ဗီဇာနဲ့ ဆိုပါတော့။ ၃လ ကုန်တော့ နောက်ထပ် ၃လ ဗီဇာသက်တမ်း တိုးပြန်တယ်။ ၆လ ပြည့်ခါနီးတော့ မပြန်ချင်တော့ဘူး။ ဒီတော့ ဆင်ကြံ ကြံပြီး ဉာဏ်ထုတ်တော် မူရှာတယ်။ နော်ဝေ အမျိုးသမီးက အကြံပေးတယ်။ ယာယီ ဟန်ပြလက်ထပ်မယ့် သူရှိရင်နေလို့ ရမယ်ပေါ့။ ဒီတော့ သူ နော်ဝေ နိုင်ငံထဲမှာ နေခွင့်ရနေတဲ့ သူနဲ့ ဟန်ပြ လက်ထပ်ဖို့ လူရှာတယ်။ ဘယ်မှ မရတော့ နောက်ဆုံး သူတို့နဲ့ ခင်တဲ့ မြန်မာတွေဆီ အကူအညီ ယူဖို့ ရောက်လာပါတယ်။ မြန်မာတွေက သိတယ် မဟုတ်လား။ မိသားစုနဲ့ နေကြတာ ဆိုတော့ ဒါမျိုးကို မိဘတွေ မသိပဲ မလုပ်ချင်ကြ-မလုပ်ရဲကြဘူး။ ပြီးတော့ အဲလို ဟာမျိုးကို လုပ်လေ့၊ လုပ်ထ လဲ မရှိကြတော့ ငြင်းလိုက်ကြတယ်လို့ သိရတယ်။ နောက်ဆုံး သူလဲပဲ အာဖရိက မိခင်နိုင်ငံကို တပ်ခေါက် ပြန် သွားရရှာတယ်။

ပါကစ္စတန်တို့၊ အီရန်၊ အီရတ်တို့ စတဲ့ နိုင်ငံတွေကတော့ နော်ဝေကို အလည်အပတ် ဗီဇာနဲ့ ရောက်လာကြပြီး နော်ဝေရောက်မှ အလုပ်အကိုင် အဆက်အသွယ်တွေနဲ့ အလုပ် ဆက်လုပ်ကြပြီး မပြန်ပဲ နေကြတာ ရှိတယ်လို့ သိရပါတယ်။ တခုရှိတာက ဒီ ပါဂီ ကုလားတို့၊ အီရန် နဲ့ အီရတ် အာရေဗီယန်း တွေက နော်ဝေ နိုင်ငံထဲ ရောက်နေကြတာ တချို့က အနှစ် ၃၀လောက် ရှိနေကြပြီ။ နော်ဝေနို်င်ငံမှာ အစိုးရ ဝန်ထမ်းတွေ ဖြစ်ရုံမကပဲ တချို့က ရဲဝန်ထမ်းတွေ စစ်သားတွေ ဖြစ်သူဖြစ်ကြ။ တချို့ကြပြန်တော့ ဆရာဝန်တွေ ဖြစ်သူဖြစ်ကြ – လွှတ်တော် အမတ်တောင် ဖြစ်နှင့်တဲ့သူ ရှိနေပြီလေ။ ပြီးတော့ သူတို့က ကြာပြီဆိုတော့ နော်ဝေ ဥပဒေကို ကြေညက်နားလည် နေကြပြီး စားသောက်ဆိုင်တို့၊ ကုန်စုံဆိုင်တို့ ထောင်ကာ စီးပွါးရေးကိုယ်ပိုင် လုပ်ငန်းတွေ လုပ်နှင့်နေကြပြီ။ ဒီတော့ သူ့ လူမျိုး တယောက် ရောက်လာပြီဆိုရင် ဘယ်ဆိုင်မှာ ဖြစ်ဖြစ် အလုပ် တနေရာတော့ ရကြတာ များတယ်လို့ သိရတယ်။ နောက်တော့ အမျိုးသား လူငယ်တွက နော်ဝေသူ မိန်းကလေးတွေကို ဖန်တီးပြီး လက်ထပ်ကြ။ အမျိုးသမီးတွေ ကတော့ သူတို့ လူမျိုးအချင်းချင်း အဆက်အစပ်တွေ ရပြီး လက်ထပ်ကြနဲ့ နော်ဝေနိုင်ငံထဲမှာ အဆင်ပြေ သွားကြတာလဲ ဒုနဲ့ ဒေး မြင်ကြ ရပါတယ်။

ကျွန်တော်တို့ မြန်မာတွေ ကတော့ နော်ဝေကို အစုလိုက်အပြံုလိုက် ရောက်တာ ၅နှစ် ဝန်းကျင်ခန့် အများအားဖြင့် ရှိကြလေတော့ အခုမှ ကိုယ်ပိုင်လုပ်ငန်း ထောင်ဖို့ အကြံဉာဏ် ယူနေကြ တိုင်ပင်နေကြဆဲ။ ပြီးတော့ နော်ဝေ နိုင်ငံထဲမှာ အလုပ်အကိုင်တွေ ရဖို့ကြိုးစား ဆောင်ရွက် နေကြဆဲပါ။ အဲ– နောင် အနှစ်၂၀ မျိုး ၃၀မျိုး ဖြစ်လာပြီ ဆိုရင်တော့ မြန်မာတွေလည်း ကိုယ်ပိုင်လုပ်ငန်းတွေ ထူထောင်နိုင်တဲ့ သူတွေ ရှိလာကြမှာပါ၊ ဒီတော့ အလည်အပတ် လာရင်းက အလုပ်လုပ်ခွင့် နေထိုင်ခွင့်တွေ ရအောင် ဖန်တီးနိုင်ကြမယ်လို့ မျှော်လင့် မြင်ယောင် မိပါတယ်။

နော်ဝေ နိုင်ငံမှာ နေထိုင်ခွင့် ရနိုင်တဲ့ နည်းလမ်းများ

နော်ဝေနိုင်ငံကို ဘယ်လို လာလို့ရသလဲ ဆိုတာ လူအများ သိချင်ကြမယ် ထင်ပါတယ်။သူ့မှာ ကန့်သတ်ချက် တွေ ရှိပါတယ်။ နော်ဝေ မှာမှ မဟုတ်၊ ဘယ်နိုင်ငံမှာ မဆို သူ့နိုင်ငံ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအရ ကန့်သတ်ချက် တွေက ရှိနေမှာပါ။ နော်ဝေနိုင်ငံကို လက်ရှိ ထင်သာမြင်သာ ဝင်ရောက်လာနေတဲ့ နည်းတွေ ကတော့ …..

  • နော်ဝေ နိုင်ငံသားတွေနဲ့ လက်ထပ်ပြီး ရောက်လာတဲ့နည်း
  • မိသားစု ပြန်လည် ပေါင်းစည်းနေထိုင်ခွင့် နဲ့ ရောက်လာတဲ့နည်း
  • အလည်အပတ် ဗီဇာနဲ့ ရောက်လာတဲ့နည်း
  • ပြည်ပနိုင်ငံ တခုကနေ တရားမဝင် ဝင်ရောက်လာပြီး ခိုလှုံခွင့် တောင်းခံတဲ့နည်း
  • ကုလသမဂ္ဂ ဒုက္ခသည်များ ကူညီစောင့်ရှောက် နေရာချထားမှု အစီအစီအစဉ်နဲ့ ရောက်လာတဲ့နည်း
  • တရားဝင် ဝင်ရောက်လာပြီး Work Permit အလုပ်လုပ်ခွင့်နဲ့ ရောက်လာတဲ့နည်း
  • ပညာတော်သင် အနေနဲ့ ရောက်လာတဲ့နည်း တွေပါ။

နော်ဝေနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ လက်ထပ်ပြီးတော့ ရောက်လာတဲ့ သူတွေကတော့ နော်ဝေမှာ အများဆုံးဖြစ် ပါတယ်။ နော်ဝေနိုင်ငံသား အတော် များများဟာ ပြည်ပ အာရှနိုင်ငံသူတွေနဲ့ လက်ထပ်တာ အတော်များ ပါ တယ်။ ကျနော်နေတဲ့ မြို့လေးမှာ ဆိုရင် အာရှနိုင်ငံတွေက လက်ထပ်ပြီး ရောက်လာတဲ့ ထိုင်းနိုင်ငံသူ၊ ဖိလစ် ပိုင်သူတွေ အတော်ကို များပါတယ်။ ထိုင်း အမျိုးသမီးတွေ ကတော့ အများဆုံးပေါ့။ လက်ထပ်တယ် ဆိုတဲ့နေရာ မှာ ထိုင်း အမျိုးသမီးတွေက ငယ်ရွယ်သူတွေ အဖြစ်များပြီး နော်ဝေ နိုင်ငံသားတွေ ဘက်ကတော့ အသက်ကြီး သူတွေ များကြပါတယ်။ အာဖရိက နိုင်ငံသူတွေ၊ အမေရိကန်နဲ့ ဥရောပ(ရုရှား၊ ပိုလန်၊ဂရိ စတဲ့) တခြားနိုင်ငံ သူတွေလည်း ရှိကြပါတယ်။ တချို့ ပြည်ပ နိုင်ငံသားတွေနဲ့ နော်ဝေ နိုင်ငံသူတွေနဲ့ လက်ထပ် တာလည်း ရှိပါတယ်။ အမျိုးသားတွေ လောက်တော့ မများကြဘူး။

လက်ထပ်ပြီး နော်ဝေ ရောက်လာရုံနဲ့တော့ နော်ဝေနိုင်ငံထဲ နေခွင့်ရပြီး နော်ဝေနိုင်ငံသား မဖြစ်သွားနိုင်ပါဘူး။ သူ့မှာ ကန့်သတ်ထားတာက နော်ဝေ နိုင်ငံသူ နိုင်ငံသားနဲ့ လက်ထပ်သူဟာ (၃)နှစ်အတွင်း ကွဲခွင့်မရှိဘူး။ တကယ်လို့များ ကွဲခဲ့မယ်ဆိုရင် အမြဲတမ်း နေထိုင်ခွင့် မရဘဲ ပြန် နှင်ထုတ်ခံရပါတယ်။ ကျွန်တော်အသိ ထိုင်း အမျိုးသမီး တယောက်ဆိုရင် နော်ဝေ ရောက်လာပြီးတော့ တနှစ်ခွဲလောက်မှာ အိမ်ထောင် ကွဲသွားပါတယ်။ ဒီတော့ ထိုင်းအမျိုးသမီးက ဆက်နေထိုင်ခွင့်ရဖို့ သက်ဆိုင်ရာကို လက်ရှိတက်နေတဲ့ နော်ဝေ ဘာသာစကား သင်တန်းကျောင်းက အတန်းပိုင် ဆရာမကို ပြောပြ၊ ပြီးတော့ ကျောင်းအုပ်ကြီး ဆီရောက်၊ ကျောင်းအုပ်ကြီးကမှ တဆင့် ကွန်မြူးနာရုံး လို့ ခေါ်တဲ့ (Gjøvik) မြို့နယ်က အုပ်ချုပ်ရေးရုံးကို အမှုက ရောက်သွား တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက သူ့ကို နေစရာ အိမ်ခန်း စီစဉ်ပေးပြီး ကွန်တက်ပါစင်လို့ ခေါ်တဲ့ ဆက်သွယ်ရေးမှူး တယောက် ခန့်ပေးပါတယ်။ အဲဒီ ဆက်သွယ်ရေးမှူး ကမှ သူမကို ရိုင်ဖို့(Raufoss)လို့ ခေါ်တဲ့ မြို့လေးက စက်မှုဇုံ တခုက စက်ရုံမှာ အလုပ်ရှာပေးတယ်၊ အလုပ်ရှိတော့ ယာယီနေထိုင်ခွင့် ရသွားတယ်လေ။

နော်ဝေမှာက သူ့နိုင်ငံထဲ ဝင်လာသူမှန်သမျှ ယူဒီအိုင် လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အပိုင် ရဲစခန်းက ဗီဇာသက်တမ်းကို အမြဲ စောင့်ကြည့် စစ်ဆေးနေတယ်။ ဗီဇာသက်တမ်း ကုန်ခါနီးရင် သတိပေးစာ ရောက်လာ လေ့ရှိတယ်။ ရေရှည်နေခွင့် ရတဲ့သူတွေဆိုရင် တနှစ်တခါ သက်တမ်း တိုးရတယ်။ ၃ နှစ်ပြည့်ရင် အမြဲတမ်း နေ ထိုင်ခွင့်ဆိုတာ လျှောက်ရပါတယ်။ အဲ အခုန ထိုင်းအမျိုးသမီးက ၃ နှစ်ပြည့်လို့ နေထိုင်ခွင့် သွားတင်တော့ သူက နော်ဝေ နိုင်ငံသားနဲ့ ကွာရှင်း လိုက်ပြီဆိုတော့ နော်ဝေနိုင်ငံရဲ့ ပြည်ပ နိုင်ငံသား ဖြစ်သွားပြီလေ။ ယူဒီအိုင်ရုံးက သူ့ကို နေထိုင်ခွင့် ငြင်းပယ် ခံလိုက်ရတယ်။ ဒီတော့ သူ နော်ဝေကနေ ထိုင်းကို ပြန်သွားရတယ်။ ဒါပေမယ့် သူလုပ်တဲ့ စက်ရုံက သူမကို ဆက်ပြီးလက်ခံတယ် ဆိုရင် ၃-လ ဗီဇာနဲ့ဝင်လာ။ အလုပ် လုပ်။ ၃-လ ပြည့်လို့ရှိရင် နောက်ထပ် ၃လ ထပ်တင်။ ဆက် အလုပ်-လုပ်။ ၆ လပြည့်ရင် နော်ဝေနိုင်ငံထဲက ပြန်ထွက် စံနစ်နဲ့ အလုပ် လာလုပ်ခွင့် ရတယ်လို့ သိရပါတယ်။

တခြား အသက် ၁၈ နှစ်အရွယ် ထိုင်း အမျိုးသမီးငယ် တယောက်ကတော့ ၃လနဲ့ အိမ်ထောင်ကွဲပြီး ပြန် သွားတာလဲ ရှိတယ်။ အကြောင်းက သူမ လက်ထပ်ထားတဲ့ သူက အသက် အလွန်ကွာခြားပြီး အိမ်ထောင်ကြီး နဲ့ သား၊ သမီးတွေက သူမထက် အသက်တွေကြီးကြတော့ လူမှုဆက်ဆံရေး အခက်အခဲ ပြဿနာကြောင့်လို့ သိရပါတယ်။ ခက်တာ တခုက သူတို့ အိမ်ထောင်သက်တမ်းမှာ ကလေး မထွန်းကား ခဲ့ဘူး။ ကလေးရပြီးလို့ ဖြစ်စေ၊ ၃ နှစ် ကျော်ပြီးမှ အိမ်ထောင်ကွဲလို့ အမြဲနေခွင့်ရသွားတဲ့ ထိုင်းအမျိုးသမီးတွေ ဆက်ပြီး နေခွင့်ရ။ အလုပ် လုပ်ခွင့်ရ နေတဲ့ ထိုင်း အမျိုးသမီးတွေလည်း တွေ့ရပါတယ်။

နော်ဝေ နိုင်ငံသား ဖြစ်ခွင့်ရသွားတဲ့ မြန်မာတို့၊ ဗီယက်နမ်တို့၊ ပါကစ္စတန်တို့က သူတွေလည်းသူတို့ ဌာနေ နိုင် ငံကို ပြန်ပြီး လက်ထပ် ၊ ပြီးတော့ နော်ဝေ ကိုခေါ်လာကြတာလည်း ရှိတယ်။ လက်ထပ်ပြီးတာနဲ့ ချက်ချင်းခေါ်လို့ မရဘူး။ လက်ထပ်စာချုပ်ပြပြီး ယူဒီအိုင်ရုံးလို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို အိမ်ထောင်ဘက် ခေါ်ခွင့် မိသားစု ပြန်လည်ပေါင်းစည်း ရေးဆိုတာ တင်ရပါတယ်။ အဲဒီနည်းကြပြန်တော့ လက်ထပ်မယ့် နော်ဝေ နိုင်ငံသားဖြစ်ပြီးသူက ဝင်ငွေရှိတဲ့ အလုပ်အကိုင်ရှိကြောင်း ပြရ မယ်။ အလုပ်ဆိုတာမှာလဲ ကြုံရာကျပန်း မဟုတ်ရဘူး။ တနှစ်ကို နော်ဝေငွေ ၂သိန်း ၂ သောင်း ဝင်ငွေ ရှိရမယ်။ ဘဏ်မှာ နော်ဝေ ငွေတသိန်းထက်မနည်း စုဆောင်းထားတာ ပြနိုင်ရမယ်။ အိမ်တို့ ကားတို့ စတဲ့ တခြား ပိုင်ဆိုင်မှုတွေ ပြနိုင်ရင် ယူဒီအိုင်ရုံးက လက်ထပ် ထားသူကို အမြန် ခေါ်ခွင့်ရတယ်လို့ သိရပါတယ်။

တချို့ အာဖရိက က ရောက်လာတဲ့ သူတချို့တွေက လက်ထပ်ထားပြီး ခေါ်လာပြီး ကွာရှင်းလိုက်-နောက်တ ယောက် လက်ထပ်ပြီး ပြန်ခေါ်လာလိုက် လုပ်ကြလို့ နောက်ပိုင်း ပြည်ပနိုင်ငံသူတွေနဲ့ လက်ထပ်ခေါ်ယူခွင့် ဥပဒေတွေ ပြင်ဆင်တိုးချဲ့ သတ်မှတ်လာရတယ်လို့ တချို့ကလဲ ဆိုကြပါတယ်။ နော်ဝေနိုင်ငံက သူ့ဥပဒေမှာ တလင် တမယား စနစ် ပြဌာန်းထားတယ်။ မယား အများကြီး လက်ထပ်ခွင့်မရှိပါဘူး။ မူဆလင်ဘာသာမှာ မယား ၄-ယောက် လပ်ထပ်ခွင့်ရှိတယ်လို့ ဆိုတယ်။ အဲဒီတော့ သူက မယားတယောက်သာ အတည်ပြခွင့်ပြုပြီး သူနဲ့ပေါက်ဖွါးလာတဲ့ မိသားစုဝင် သားသမီးတွေသာ ခေါ်ခွင့်ရှိကာ ကျန်မယား ၃ ယောက်နဲ့ မိသားစု ဝင်တွေကို ခေါ်ယူခွင့် မပေးပါဘူး။ နော်ဝေနိုင်ငံက လူ့အခွင့်အရေး အပြည့်ရှိတယ် ဆိုပေမယ့် သူ့မှာ ကန့်သတ်ထားတဲ့ စည်းကမ်းနဲ့ညီမှ နော်ဝေ မှာနေခွင့် ရကြမှာ ဖြစ်ပါတယ်။

မိသားစု ပြန်လည် ပေါင်းစည်းရေးနဲ့ ရောက်လာတဲ့နည်း ဒီနည်းကတော့ နော်ဝေနိုင်ငံကို အကြောင်း အမျိုးမျိုးကြောင့် နော်ဝေနိုင်ငံထဲကို တရားဝင် ရောက်နေကြပြီး မိခင်နိုင်ငံ မှာ မိသားစုဝင်တွေ ကျန်ခဲ့ရင်၊ ဒါမှမဟုတ် တခြားနိုင်ငံ တခုခုမှာ မိသားစုဝင်တွေ ရှိနေရင် မိသားစု တစုတစည်းတည်း နေထိုင်ခွင့် လူ့အခွင့်အရေး အရ တောင်းဆိုနေထိုင်ခွင့် မျိုးကို ဆိုလိုတာပါ။ သိကြတယ်မို့လား။ နော်ဝေနိုင်ငံက လူ့အခွင့်အရေး အရ ရှေ့တန်း ရောက်နေတဲ့ နိုင်ငံဆိုတော့ လူသား အခွင့်အရေးကို ရှေ့တန်း တင်ထားလေတော့ လူတေယောက် ရပိုင်ခွင့်ရှိတဲ့ အရာ မှန်သမျှ တရားဥပဒေ ဘောင်နဲ့ညီရင် တင်ပြတောင်းဆိုခွင ့်ရှိတာကို ပြောတာပါ။

မိသားစု ပြန်လည်ပေါင်းစည်းခွင့် ဆိုတဲ့နေရာမှာ မိမိ ဒုက္ခသည်အဖြစ် လျှောက်ထားစဉ်က မိသားစု ဇနီး မယား၊ သားသမီးရှိရင် ကိုယ်ရေး ရာဇဝင်မှာ ထည့်ရေးထားသူတွေ ဖြစ်ရပါမယ်။ မွေးစား သားသမီးပါ ထည့်ရေးခဲ့ရင် အဲဒီမွေးစား သားသမီးပါ မိသားစု ပြန်လည်ပေါင်းစည်းရေး နဲ့ ခေါ်ယူခွင့်ရှိပါတယ်။ ကိုယ်ရေး ရာဇဝင်ထဲမှာ မပါတဲ့သူ ဆိုရင် မိသားစု ပြန်လည်ပေါင်းစည်းရေးနဲ့ ခေါ်ခွင့် မရဘူးလို့ သိရပါတယ်။ သားသမီး က ကိုယ်ရေး ရာဇဝင်မှာ ထည့်ရေးထားပေမယ့် ပြန်ခေါ်စာ တင်တဲ့အချိန်မှာ အသက် ၁၈ နှစ်ကျော်သွားရင် ခေါ်ခွင့် မရှိတော့ပဲ သီးခြား ဒုက္ခသည် ပြန်လျှောက်ရပြီး ယူအင်ရုံးက ဒုက္ခသည် အဖြစ်အသိ အမှတ်ပြုအောင် လက်မှတ်ရမှ ကိုယ်နေတဲ့ နိုင်ငံကို အတူနေခွင့် တောင်းခံရပါတယ်။ ညီအကို၊ မောင်နှမတွေ ဆိုရင်လည်း မိမိလုပ်စာကို မှီခိုနေရသူ ဖြစ်ပြီး မသန်မစွမ်း ဖြစ်နေရင် မိသားစု ပြန်လည် ပေါင်းစည်းရေးနဲ့ ခေါ်လို့ရတယ်လို့လဲ သိရပါတယ်။

တချို့ကတော့ မိဘဆိုရင် အသက် ၆၀ ကျော် နေရင်ခေါ်ခွင့် ရှိတယ်လို့ သိရပါတယ်။ လက်တွေ့မှာတော့ မိဘ တွေနဲ့ ညီအကိုမောင်နှမတွေ ပြန်လည်ပေါင်းစည်းခွင့် လျှောက်တာ မတွေ့ရသေးပဲ၊ ဇနီး၊ သားသမီးတွေနဲ့ ပြန်လည် ပေါင်းစည်းခွင့် လျှောက်ကြ၊ ရောက်လာကြတာ များပါတယ်။ ကျနော့မိတ်ဆွေ တယောက် ကတော့ အသက် ၁၄ နှစ်နဲ့ ရောက်လာပြီး သူ့မိဘတွေကို သူ့အတွက် အုပ်ထိန်းဖို့ အတူနေခွင့်၊ မိသားစု ပြန်လည် ပေါင်းစည်းရေး လျှောက်တာ မိဘ နှစ်ယောက်လုံး နော်ဝေ ကိုနေခွင့် ရသွားတာရှိပါတယ်။

ကျနော်တို့ နေတဲ့ မြို့လေးမှာ ကျနော့ မိတ်ဆွေ မြန်မာတယောက် ဖြစ်ပုံကို နမူနာ အဖြစ်ပြောပြပါ့မယ်။ သူက မြန်မာနို်င်ငံမှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် နှစ်ကြိမ် ကျခဲ့သူပါ။ အပြေး မကောင်းယင် တတိယ အကြိမ်မြောက်မှာ အကိုင်းအကြီးကြီး နားပြီး ဂိုထောင်ထဲ ပြန်ရောက်ရမယ့် အခြေအနေဖြစ် နေတာကြောင့် ထိုင်းကို ၂၀၀၀ ခုနှစ် စက်တင်ဘာလောက်မှာ ရောက်လာခဲ့တာ တဲ့။ သူ့မှာ ဇနီးနဲ့ သားသမီးတွေ မြန်မာ ပြည်ထဲမှာ ကျန်ခဲ့ပါတယ်။သူ-ထိုင်းမှာ ကြုံရာကျဘမ်း လှုပ်ရှားရင်း ကနေ ယူအင်အိချ်စီအာ မှာ ဒုက္ခသည်အဖြစ် လျှောက်ထား ရာက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီး နော်ဝေကို ရောက်လာခဲ့သူပါ။ သူ့မှာမိသားစု နော်ဝေကို သူနဲ့အတူ ပါမလာ ခဲ့ပါဘူး။

နောက်တော့ သူ ကွန်မြူးနာ ရုံးလို့ခေါ်တဲ့ မြို့နယ် အုပ်ချုပ်ရေးရုံးမှာ မိသားစု နဲ့ ပြန်လည်ပေါင်းစည်း နေထိုင်ခွင့် တင်တယ်။ ကွန်မြူးနာ ရုံးက ရဲစခန်းနဲ့ ယူဒီအိုင်ရုံး လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ် ရေးရုံးကို ထပ်တင်ပါ တယ်။ ရှစ်လ(၈-လ) အကြာမှာ သူ့လျှောက်လွှာကို ယူဒီအိုင်ရုံးက ပယ်ချတဲ့ စာရောက်လာ ပါတယ်။ နောက်သူ ထပ်တင်တယ်။ ပြန်ပယ်ချ ပြန်ပါတယ်။ သူ ဘယ်လိုဖြစ်ရတာလဲဆိုတာ သိရအောင်သူက သက်ဆိုင်ရာကို ကူညီဖို့ ထပ်တင်ပြတော့ ကွန်မြူနာရုံးက သူ့ကို ရှေ့နေ ငှားပေးတယ်။ အကြောင်းကတော့ မြို့နယ် အုပ်ချုပ်ရေး ရုံးက နော်ဝေ ဥပဒေကို သူတို့ မကျွမ်းကျင်တဲ့ အတွက် ရှေ့နေငှားရတာ ဖြစ်ကြောင်း၊ ဒီအတွက် ကုန်ကျစရိတ် ကိုလည်း ကွန်မြူးနာရုံးက ပေးမှာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ နောက်တော့ ကွန်မြူးနာရုံးက သူ့ရဲ့ ကွန်တက်ပါဆင်လို့ ခေါ်တဲ့ ဆက်သွယ်ရေး အရာရှိရယ်၊ မြန်မာစကား ပြန်ရယ်၊ သူရယ် ရှေ့နေရုံးခန်းကို သွားကြတယ်။ ရှေ့နေကို ဖြစ်စဉ်ကို ပြောပြပါတယ်။ အဲဒီကျမှ ရှေ့နေက လျှောက်လွှာ အပယ်ခံရခြင်း ဖြစ်ပုံကို ဥပဒေအရ ဒီလိုရှင်းပြ ပါတယ်။

ခင်ဗျားက နော်ဝေနိုင်ငံထဲမှာ ရောက်နေတော့ မြန်မာနိုင်ငံက ဒုက္ခကို မခံစားရတော့ဘူးတဲ့။ ဒီတော့ နော်ဝေ ထဲမှာ ရောက်နေတဲ့သူက မိသားစု ပြန်လည်ပေါင်းစည်းခွင့် မရှိဘူး။ မြန်မာပြည်ထဲမှာ ကျန်ခဲ့တဲ့ မိသားစုဝင် က နော်ဝေ အစိုးရဆီမှာ မိသားစု ပြန်လည်ပေါင်းစည်း ခွင့်လျှောက်မှ တရားဝင် မှာတဲ့။ ဒီတော့ မိသားစုဝင် တဦးဦးကို မြန်မာပြည်ထဲကနေ နော်ဝေ ယူဒီအိုင်ရုံးကို တိုက်ရိုက်ဖြစ်စေ၊ ထိုင်း နိုင်ငံမှာရှိတဲ့ နော်ဝေ သံရုံးကို ဖြစ်စေ လာရောက် လျှောက်လွှာ တင်ရမယ်။ နော်ဝေ အစိုးရရဲ့ ယူဒီအိုင်ရုံးက အကြောင်းပြန်စာ ရရင် နော်ဝေကို မိသားစု ပြန်လည် ပေါင်းစည်းနေထိုင်ခွင့် ရမှာလို့ ရှင်းပြပါတယ်။

ခက်တာက မြန်မာနိုင်ငံ ထဲကနေ နော်ဝေနိုင်ငံကို စာပို့ရင် အများသိကြတဲ့ အတိုင်း စာက မရောက်ဖို့က များပါတယ်။ ဒီလိုဖြစ်နေတာကို ရှေ့နေကို ပြန်ရှင်းပြတော့ မိသားစုကို ထိုင်းနိုင်ငံဆီ တရားဝင် ပတ်စပို့တ် နဲ့ ထွက်လာခိုင်းပြီး ထိုင်းမှာရှိတဲ့ နော်ဝေ သံရုံးနဲ့ ဆက်သွယ်ပြီး လျှောက်လွှာတင်ဖို့ ၊ နောက်ပြီးတော ထိုင်းမှာ စောင့်ဆိုင်းနေရတဲ့ ကာလမှာ ကုန်ကျတဲ့ စရိတ်တွေကိုလည်း သူက အစိုးရဆီမှာ ပြန်တင်ပြီး တောင်းပေးမှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ နောက်တော့ သူ မြန်မာနိုင်ငံထဲက မိသားစု ထိုင်းဘက် ထွက်လာလို့ရအောင် စီစဉ်ရတယ်။ သူကိုတိုင် ထိုင်းကိုဆင်းသွားပြီး မိသားစုကို နော်ဝေသံရုံးကို ပို့ပြီး လျှောက်လွှာတင်တယ်။ နော်ဝေ သံရုံးက အရာရှိတွေကလည်း လိုလိုလားလားပဲ အခက်အခဲမရှိ ကူညီကြပါတယ်တဲ့။ ဘန်ကောက်မှာ မိသားစုအတွက် ရှိသမျှ ငွေလေးနဲ့ အခန်းငှားပေး၊ နေစရာ စီစဉ်ပြီး နော်ဝေကို ပြန်လာခဲ့တော့တယ်။ သူပြန်လာပြီး ၂ လ လောက် အကြာမှာ သူ့မိသားစု တပြံုတမကြီး ထိုင်းနိုင်ငံ နော်ဝေသံရုံး က ယူဒီအိုင်ရုံးနဲ့ စီစဉ်ပြီး လေယာဉ်လက်မှတ်ပါ အားလုံး စီစဉ်ပြီး ခေါ်ပေးလိုက်တော့ အခု နော်ဝေမှာ သူတို့ မိသားစုအတူ နေခွင့် ရနေကြပါပြီ။

( နော်လီမိုင် )

LEAVE A REPLY

Please enter your comment!
Please enter your name here