မြန်မာ ကျောက်စိမ်းတုံးဖြင့် ဗုဒ္ဓရုပ်ပွားတော် ဗီယက်နမ်တွင် ထုဆစ် တည်ဆောက်မည်

alt

မြန်မာနိုင်ငံမှ ဝယ်ယူ သွားသော ကျောက်စိမ်း တုံးကြီးဖြင့် ကမ္ဘာပေါ် တွင် အကြီးဆုံး ကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်ကြီး တဆူ ထုဆစ် တည်ဆောက် သွားမည်ဟု

ဗီယက်နမ် ကျောက်မျက်ရတနာ ကုမ္ပဏီတခုက ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ တူးဖော် တွေ့ရှိသော (၃၅)တန် အလေးချိန်ရှိ သဘာဝ အဖိုးတန် ကျောက်စိမ်း တုံးကြီးအား ဗုဒ္ဓဆင်းတု အဖြစ် ထုလုပ် ပူဇော်ရန် ကျွမ်းကျင်လက်မှု ပညာရှင် (၅၀) အား ငှားရမ်း ထားကြောင်း သန်ချော်ငေါ့ဗီး ကျောက်မျက် ရတနာ ကုမ္ပဏီက ဇန်နဝါရီလ (၁၈)ရက် နေ့တွင် ကျင်းပသည့် ယင်းပရောဂျက် ဖွင့်လှစ်မှု အခမ်း အနားတွင် ကြေညာသည်။

ထိုအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များ အနက် ဗီယက်နမ် သမ္မတ ငုယင်မင်းထရိ နှင့် ဗီယက်နမ် ဗုဒ္ဓသံဃာ့ အစည်းအရုံး အကြီးအကဲ သစ်ဖိုကြူး တို့လည်း ပါဝင်သည်။ The Voice of Vietnam သတင်းဌာန၏ အဆိုအရ ထုလုပ်ပူဇော်မည့် ဗုဒ္ဓ ရုပ်ပွားတော်ကြီးသည် အမြင့်(၉.၈)ပေ ရှိမည်ဖြစ်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း စာအုပ်တွင် အကြီးဆုံး ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော် အဖြစ် မှတ်တမ်းဝင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

သမ္မတ ထရိက ထိုနေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ရာ ကုမ္ပဏီ၏ ပိုင်ရှင်ဟောင်း ဒိုထရွမ်ကွမ်း မိသားစုအား မြန်မာနိုင်ငံမှ ယင်း ကျောက်စိမ်းကြီးအား ဝယ်ယူခဲ့ခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ဖော်ပြသွားသည်။ ကုမ္ပဏီသည် အဆိုပါ ကျောက်စိမ်းတုံးကြီး အား (၂)နှစ်ကြာ အချိန်ယူကာ ဗုဒ္ဓဆင်းတု အဖြစ် ထုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here