ဟေတီ နိုင်ငံတွင် ရိက္ခာထောက်ပံ့ရေး အမေရိကန် စစ်တပ် စတင်ဆောင်ရွက်

alt

အမေရိကန် စစ်တပ်သည် ငလျင် ဒဏ်ခံ ဟေတီ နိုင်ငံအား လေထီးဖြင့် ရိက္ခာထောက်ပံ့ ချထား ပေးရေး လုပ်ငန်းများအား စတင် ဆောင်ရွက် နေပြီ ဖြစ်သည်။

ဇန်နဝါရီလ (၁၈)ရက်နေ့က မြို့တော် ပို့တ် ဩပရင့် အရှေ့မြောက်ပိုင်း ဒေသများသို့ အသင့်စား ဟင်းထုပ်(၁၄၀၀၀) နှင့် ရေလီတာ (၁၅၀၀၀) ကျော်တို့အား လေထီးဖြင့် ကြဲချ ပေးခဲ့ကြောင်း အမေရိကန် စစ်တပ်က ဆိုသည်။

ယခင်က လေထီးဖြင့် ရိက္ခာ ကြဲချခြင်းသည် လုယက်မှုနှင့် အခြားသော ပြဿနာများ ဖြစ်စေနိုင်ကြောင်း စိုးရိမ်မှု များ ရှိခဲ့သော်လည်း စမ်းသပ်ကြဲချမှု အရ ကျေနပ်စရာ ဖြစ်လာခဲ့ကြောင်း အမေရိကန် စစ်တပ်က ဆိုသည်။ ထို့အပြင် ဟေတီသို့ ရောက်ရှိနေသည့် အမေရိကန် စစ်သည် (၁၀၀၀)အား အင်အား ဖြည့်ပေးရန် မရိန်းတပ်သား (၂၀၀၀)တို့လည်း ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် စစ်တပ်သည် အလေးချိန် အမြောက်အမြား တင်ဆောင်နိုင်သော ရဟတ်ယာဉ် တဒါဇင်ကျော်နှင့် ဆေးဝါး ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ပေးပို့ထားပြီး ဖြစ်သည်။ အမေရိကန် စစ်တပ်သည် မြို့တော်အနှံ့ ဖြစ်ပွားနေသည့် လုယက်မှုနှင့် တရားမဲ့မှု များအား ထိန်းသိမ်းသွားရန် ကြိုးစားနေဆဲ ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ပံ့မှုဌာန အကြီးအကဲ ဂျွန်ဟုမ်း ကမူ မြို့တော် ပျက်ကြီး၏ လမ်းမများပေါ် တွင် အကြမ်းဖက်မှုများ လျော့နည်းလာပြီး လုံခြံုရေးအရ ခြိမ်းခြောက်နိုင်မှု ကျဆင်းလာသလို ဟေတီ၏ အခြေ အနေမှာ တည်ငြိမ်လာကြောင်း အကောင်းမြင် သုံးသပ်လိုက်သည်။

ထို့အပြင် မူလ ခန့်မှန်းထားသည့် ပမာဏဖြစ်သော သေဆုံးသူ အရေအတွက် (၂)သိန်းမှလည်း လျော့ကျ လာဖွယ် ရှိသည်ဟု ဟေတီရောက် အမေရိကန် ဗိုလ်ချုပ် ကန်ကင်း ကဆိုသည်။ အမေရိကန်သည် လေတပ်ပိုင် C-17 လေယာဉ်ကြီးဖြင့် ရိက္ခာများ ကြဲချမှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူး တင်ညာဘရာရှာက ဆိုသည်။

ထိုလေယာဉ်သည် မြောက်ပိုင်း ကာရိုလိုင်းနားရှိ ပုပ် လေတပ်စခန်းမှ ထွက်ခွာကာ ဟေတီသို့ ပျံသန်းပြီး ထောက်ပံ့ ရေး ပစ္စည်းများ ကြဲချမည် ဖြစ်ကြောင်း သူမက အတည်ပြုခဲ့သည်။ သို့သော်လည်း အမေရိကန် စစ်တပ်က မြို့လယ် သို့ ထောက်ပံ့ရေး ပစ္စည်းများ ဝေငှမှု အစီအစဉ်မှာ ဆာလောင် မွတ်သိပ်ပြီး ဒေါသကြီးနေသည့် ဟေတီ ဒုက္ခသည် များကြောင့် အခက်အခဲများ ရှိနေကြောင်း ဝန်ခံ ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here