ပုပ်ရဟန်း မင်းကြီးကို လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သူအား တူရကီအစိုးရ ပြန်လွှတ်ပေး

alt

၁၉၈၁ ခုနှစ်က ပုပ်ရဟန်း မင်းကြီး အား လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော သေနတ် သမားအား တူရကီ အစိုးရက ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်သည်။

ထောင်ထဲတွင် နှစ်ပေါင်း (၃၀)မျှ အချိန် ကုန်ခဲ့ပြီး နောက် မာမက် အလီအက်ကာ သည် ယခုအခါ ပြန်လွတ်လာပြီ ဖြစ်သည်။ တူရကီ လူမျိုး မာမက် သည် ပုပ်ရဟန်းမင်း ဂျွန်ပေါလ် (၂)ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သူ ဖြစ်ပြီး အီတလီ အကျဉ်းထောင်ထဲ တွင် (၁၉)နှစ်တာ နေထိုင် ခဲ့ရသည်။

ဆရာဝန် များက စိတ်မမှန်သူ တဦးအဖြစ် ထောက်ခံထားသော မာမက်သည် ဇန်နဝါရီလ (၁၈)ရက် နေ့တွင် ပြန်လွတ်လာပြီ ဖြစ်သည်။ ယခုအခါတွင် မီးခိုးရောင် ဆံပင်များနှင့် အသက် (၅၂)နှစ် ရှိနေပြီဖြစ်သော မာမက် သည် ယခုအခါ ကမ္ဘာ ပျက်ချိန် နီးကပ်လာပြီဟု ကြွေးကြော် နေပြန်ကြောင်း သိရှိရသည်။

တူရကီနိုင်ငံ၊ အန်ကာရာမြို့မှ လွတ်မြောက်လာသော မာမက်သည် ခရစ်တော်က ၎င်းအား ယခု ရာစုနှစ် အတွင်း ကမ္ဘာကြီး ပျက်သုဉ်း သွားမည်ဟု လာရောက် အသိပေးထားကြောင်း ပြောဆိုခဲ့သည်။ မာမက်သည် (၁၉၈၁) ခုနှစ်၊ မေလ(၁၃)ရက် နေ့က အီတလီနိုင်ငံ၊ ရောမမြို့တော်ရှိ စိန့်ပီတာရင်ပြင်တွင် ပုပ်ရဟန်းမင်း ဂျွန်ပေါအား ဂျစ်ကား တစင်းပေါ်မှနေ၍ သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ရဟန်းမင်းကြီးသည် လက်၊ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သော်လည်း အသက် မသေခဲ့ပေ။

မာမက်အား အခင်းဖြစ်ရာ နေရာတွင်ပင် ဖမ်းမိခဲ့သည်။ မာမက်သည် အီတလီတွင် ထောင်(၁၉)နှစ် ကျနေခဲ့ပြီးနောက် တူရကီသို့ ပြောင်းရွှေ့ပြစ်ဒဏ် ချခံရသည်။ မာမက်၏ လုပ်ကြံရန် ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့ရာ အီတလီ ပါလီမန်က (၁၉၉၁)တွင် ပြိုကွဲသွားသော ဆိုဗီယက် ယူနီယံသည် ယင်းကိစ္စတွင် ပါဝင်ခဲ့ကြောင်း (၂၀၀၆) ခုနှစ်တွင် စွပ်စွဲခဲ့သော်လည်း ရုရှားနိုင်ငံက ငြင်းဆန်ထားသည်။

ထောင်မှ လွတ်လာပြီး နောက် မာမက်က (၂၀၀၅)ခုနှစ် က ကွယ်လွန်သွားသည့် ၎င်းကိုယ်တိုင် လုပ်ကြံရန် ကြိုးပမ်းခဲ့သော ပုပ်ရဟန်း မင်းကြီးအား သွားရောက် အရိုအသေပေးရန် အီတလီသို့ သွားရောက်လိုကြောင်း ပြောကြား သွားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here