မိခင်နို့ ဝဝလင်လင် စို့ခဲ့ရသူများ စိတ်ကျန်းမာရေး ပြဿနာ ကြုံတွေ့နိုင်ခြေ နည်းပါး

alt

ငယ်စဉ်က မိခင်နို့ကို (၆)လနှင့် အထက် ဝဝလင်လင် စို့ခဲ့ရသူ များသည် အသက်အရွယ် ကြီးရင့် လာချိန်တွင် စိတ် ကျန်းမာရေး ပြဿနာများ တွေ့ကြံုရမည့် အခြေ အနေ

လျော့ကျ သွားကြောင်း သုတေသန ရလဒ် တခုက ဖော်ပြလျက် ရှိသည်။

ပညာရှင်များက မိခင်နို့ရည်တွင် ပါဝင်သော အာဟာရ ဖြည့်တင်းသည့် ဓာတ်သဘာဝ များသည် ရင်သွေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ကာလရှည်ကြာစွာ ထောက်ပံ့ ပေးနေကြောင်း ယုံကြည်လျက် ရှိကြသည်။ Pediatrics ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားမှုအရ ဆရာဝန်များသည် ယခု ကိစ္စအတွက် လေ့လာမှု ပြုလုပ်ရန် အနောက် ဩစတြေးလျမှ ကလေး ငယ် (၂၀၀၀)တို့၏ ဆေးမှတ်တမ်းများကို စံနစ်တကျ မှတ်တမ်း ပြုစုခဲ့ကြောင်း သိရှိ ရသည်။

ယခု သုတေသနလုပ်ငန်းကို ဦးဆောင်သည့် ပရော်ဖက်ဆာ ဝင်ဒီအော်ဒီ က သူမတို့သည် မိခင် နို့ရည်သည် ရင်သွေးငယ် မြီးကောင်ပေါက် အရွယ် ရောက်လာချိန်ထိ ဦးနှောက်ဖွံ့ဖြိုးမှုကို သိသာထင်ရှားစွာ အားပေး ကူညီသည်ကို တွေ့ရှိခဲ့ကြောင်း ရှင်းပြခဲ့သည်။ ထို့အပြင် ယင်း အာနိသင်သည် အတန်ငယ် လျော့နည်း သွားသည့်တိုင် ကလေးငယ်၏ အသက် ကြီးရင့်လာချိန် အထိ ဆက်လက် တည်ရှိနေမည် ဟုလည်း ပရော်ဖက်ဆာ ဝင်ဒီက ယုံကြည်နေသည်။

အထူးသဖြင့် မိခင်နို့ကို ခပ်ကြာကြာ စို့ခွင့်ရခဲ့သော ကလေးများမှာ ဦးနှောက်ဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ယင်းတို့ လေ့လာသည့် ကလေးငယ် (၂၀၀၀)တို့ အနက် (၃၈) ရာခိုင်နှုန်းသည် မိခင်နို့ကို (၆)လ အောက်သာ စို့ခဲ့ရပြီး ကျန် ကလေးများမှာ (၆)လနှင့် အထက် စို့ခွင့်ရခဲ့သည်။

ထို့နောက် ကလေးများ ကြီးပြင်းလာမှု အလိုက် (၂)နှစ်၊ (၅)နှစ်၊ (၈)နှစ်၊ (၁၀)နှစ် နှင့် (၁၄)နှစ် တို့တွင် တကြိမ်စီ သုတေသနပြု တိုင်းတာမှုများအား ပတ်မြို့ရှိ တယ်လီသွန် ကလေး ကျန်းမာရေး သုတေသန ပညာရေးဌာနတွင် ပြုလုပ်ခဲ့သည်။ ရလဒ်များအရ (၆)လ အထက် မိခင်နို့ကို စို့ခွင့်ရခဲ့သော ကလေးများမှာ ဉာဏ်ရည် ဖွံ့ဖြိုးမှုတွင် အများအားဖြင့် သာလွန်ကြောင်း ပညာရှင်များက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂ မိခင်နှင့် ကလေးများဌာန၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး တို့သည်လည်း မိခင်များ အနေနှင့် သားသမီး များအား မိခင်နို့ရည်ကို (၆)လ အနည်းဆုံး ပြည့်ပြည့်ဝဝ တိုက်ကျွေးသင့်ကြောင်း ထောက်ခံထားပြီး ကလေးအသက် (၂)နှစ် အထိ ဖြည့်စွက် အစာ အဖြစ် နို့တိုက် သင့်ကြောင်းပါ ညွှန်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here