ပြင်သစ် လူစွန့်စား ဒူဘိုင်းရှိ Burj Khalifa မိုးပျံတိုက်ကြီးအား မျက်စိကျနေ

alt

ပြင်သစ်နိုင်ငံမှ Spiderman ဟု တင်စား ခံရသူ လူစွန့်စား အလိန်း ရောဘတ် သည် မကြာသေးမီ ကမှ ဖွင့်လှစ် လိုက်သည့် ဒူဘိုင်းရှိ Burj Khalifa မျှော်စင်ကြီးအား မျက်စိကျ နေကြောင်း သိရှိ ရသည်။

ရောဘတ်သည် ကမ္ဘာအရပ်ရပ်ရှိ အမြင့်ဆုံးသော မိုးပျံတိုက်ကြီးများအား ပစ္စည်းကိရိယာ အကူအညီမပါဘဲ လက်ဗလာဖြင့် စွန့်စွန့်စားစား တက်လေ့ရှိပြီး ယခုလည်း Burj မျှော်စင်အား တက်ရန် စဉ်းစားနေကြောင်း သတင်းများက ဆိုသည်။

ပေပေါင်း (၂၇၀၀)ကျော် မြင့်ပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အအုံ အဖြစ် စံချိန်တင် သွားသည့် Burj မျှော်စင်မှာ ဇန်နဝါရီလ (၄)ရက် နေ့ကမှ တရားဝင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ အသက်(၄၇)နှစ်ရှိ ရောဘတ်သည် ယခုအခါတွင် မလေးရှားသို့ ရောက်ရှိနေပြီး ၎င်း၏ သက်တမ်းတလျှောက် အဆောက်အအုံမြင့် များပေါ်သို့ စွန့်စွန့်စားစား တက်ရောက်ခဲ့ခြင်း အတွက် ဂုဏ်ပြုဆုတခု ချီးမြှင့်ခံရမည် ဖြစ်သည်။

ရောဘတ် တက်ခဲ့သည့် အဆောက်အအုံများ အနက် အမေရိကန်ရှိ အင်ပါယာစတိတ်၊ တရုတ် တိုင်ဝမ်ရှိ တိုင်ပေ(၁၀၁) စသည်တို့လည်း ပါဝင်သည်။ ရောဘတ်က ၎င်းသည် Burj ကို တက်ချင်သော်လည်း အလွန် ခက်ခဲပြင်းထန်သော စိန်ခေါ်မှု ဖြစ်နိုင်ကြောင်း ဝန်ခံထားသည်။

အဘယ်ကြောင့် ဆိုသော် အရှေ့အလယ်ပိုင်း ဒေသ၏ အပူချိန် မြင့်မားမှုကြောင့် လမ်းတဝက်တွင် ခြေကုန် လက်ပန်းကျပြီး အသက်အန္တရာယ် နီးကပ် လွန်းသောကြောင့်ဟု ရောဘတ်က ဆိုကာ ဒူဘိုင်း၏ ပျမ်းမျှ အပူချိန်သည် (၄၀)ဒီဂရီ စင်တီဂရိတ်နှင့် အထက် ရှိတတ်ကြောင်း ရောဘတ်က ထောက်ပြ ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရောဘတ်သည် မလေးရှားရှိ (၈၈)ထပ် မြင့်သော Petronas မျှော်စင်အား လက်ဗလာဖြင့် (၂)နာရီအတွင်း ထိပ်ဆုံးရောက်အောင် တက်ပြ ခဲ့ပြီးနောက် မလေးရှား အစိုးရ၏ ဒဏ်ရိုက်မှုကို ခံခဲ့ရသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here