အီရတ်မှ ဓာတုအလီအား သေဒဏ်ထပ်မံ ချမှတ်

alt

အီရတ်နိုင်ငံ၏ သမ္မတဟောင်း ဆဒမ် ဟူစိန် လက်ထက်က ဓာတု အလီဟု ကျော်ကြားခဲ့သည့် အလီ ဟာဆန် အယ်မာဂျစ်အား အီရတ် တရားရုံး က စတုတ္တထ အကြိမ်မြောက် သေဒဏ် ချမှတ်

လိုက်ပြီ ဖြစ်သည်။

ဇန်နဝါရီလ (၁၇)ရက် နေ့က ချမှတ်ခဲ့သော ပြစ်ဒဏ်သည် (၁၉၈၈)ခုနှစ်က နိုင်ငံ မြောက်ပိုင်း ဟာလက်ဂျာတွင် ကတ်လူမျိုး (၅၀၀၀) ကျော်အား ဓာတ်ငွေ့ပေး သတ်ဖြတ်မှု အတွက် ဖြစ်သည်။ ဆဒမ်၏ ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ ဓာတု အလီသည် ဓာတုဗေဒ ပစ္စည်းများကို လက်နက် အဖြစ် အသုံးချရာတွင် ကျွမ်းကျင် လှသောကြောင့် ယခု အမည်အား ရရှိ လာခြင်း ဖြစ်သည်။

ယခင် ထောက်လှမ်းရေးဌာန အကြီးအကဲလည်း ဖြစ်သည့် အသက် (၆၈)နှစ် ရှိပြီ ဖြစ်သော အာဏာရှင် ဆဒမ်၏ ညာလက်ရုံးသည် ပြီးခဲ့သော (၃)နှစ်အတွင်း မတူညီသော စွဲချက်များ အတွက် သေဒဏ် (၃) ကြိမ် ချမှတ် ခံရပြီး ဖြစ်သည်။ ၎င်းအား မကြာမီ ရက်ပိုင်း အတွင်း ကြိုးပေး စီရင် သွားဖွယ်  ရှိနေကြောင်းလည်း  သိရှိရသည်။

အီရတ် ခေါင်းဆောင်ဟောင်း ဆဒမ်မှာမူ (၂၀၀၆) ခုနှစ် ကတည်းက ကြိုးပေးကွပ်မျက် ခံခဲ့ရပြီး ဖြစ်သည်။ ဇန်နဝါရီလ (၁၇)ရက်နေ့ တရားခွင်တွင် ဆဒမ်လက်ထက် အစိုးရ အဖွဲ့ဝင်ဟောင်း (၃) ဦးအားလည်း ထောင်ဒဏ် (၁၀) နှစ်မှ (၁၅) နှစ် အထိ ချမှတ်ခဲ့သေးသည်။ ဓာတုအလီအား (၂၀၀၃) ခုနှစ် အမေရိကန် စစ်တပ် အီရတ်သို့ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး (၅)လအကြာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

၎င်းအား သေဒဏ် ချမှတ်သော သတင်း ထွက်ပေါ်လာ ပြီးနောက် ဟာလက်ဂျာရှိ သေဆုံး သွားသူများအား စုစည်း မြှုပ်နှံထားသည့် သင်္ချိုင်းတွင် ကက် လူမျိုးများ စုရုံးကာ အောင်ပွဲ ခံခဲ့ကြသည်။ ဓာတုအလီသည် သေဒဏ်ချမှတ် ခံရချိန်တွင် တုန်လှုပ်မှုမရှိဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အောက်မေ့ပါကြောင်းပင် ကြွေးကြော်ခဲ့သေးကြောင်း သိရှိရသည်။

ဓာတု အလီသည် ကတ်တို့အပြင် ရှီးယိုက်အနွယ် မွတ်ဆလင်များ၏ အမုန်းတီးဆုံး ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပြီး ယခင် သေဒဏ်များတွင် ရှီးယိုက်တို့အား သုတ်သင်သည့် စစ်ဆင်ရေးများ ညွှန်ကြားခဲ့သည့် အတွက်လည်း အပါအဝင် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here