ဟေတီရောက် အကူအညီ ပေးရေးအဖွဲ့များ စစ်တပ်မပါပဲ လုပ်ငန်းများ မဆောင်ရွက်နိုင်

alt

ဟေတီ နိုင်ငံတွင် ငလျင် ထောက်ပံ့ရေး ပစ္စည်းများ ဝေငှ ပေးနေသော နိုင်ငံတကာ အေဂျင်စီ များသည် စစ်တပ် အကူအညီ မယူဘဲ လုပ်ငန်းများ မဆောင်ရွက် နိုင်တော့ကြောင်း

ထုတ်ဖော် ဝန်ခံခဲ့သည်။

ဇန်နဝါရီလ (၁၂)ရက် နေ့က လှုပ်ခတ် သွားသည့် ပြင်းအားအဆင့် (၇.၀)ရှိသော ငလျင်ကြီး ကြောင့် ဟေတီနိုင်ငံမြို့တော် ပို့အူပရင့် တခုလုံးနီးနီး ပျက်စီးသွားသလို လူအများ မှာလည်း ငတ်မွတ်မှုဘေး ကြံုနေ ရသောကြောင့် လုယက်မှုနှင့် အခြားသော ရာဇဝတ်မှုများ ထူပြော နေခဲ့သည်။

ဟေတီတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ကူညီဆောင်ရွက်နေသည့် အမေရိကန် အမှတ်(၈၂) လေထီးတပ်မှ ဗိုလ်ကြီး ဂျိုနသန် ဟတ်ဆော့က မိမိတို့ တပ်သားများသည် အစား အစာ၊ သောက်ရေနှင့် ဆေးဝါးပစ္စည်းများ ဝေငှ ပေးနေသော်လည်း အခြားသော လက်နက်ကိုင် မဟုတ်သည့် နိုင်ငံတကာအဖွဲ့ အစည်းများမှာ လုယက်မှုနှင့် အခြားသော အန္တရာယ်ရှိသည့် အခြေအနေ များကြောင့် လုပ်ငန်းများ နှောင့်နှေးနေကြောင်း ပြောကြား သွားသည်။

ပို့အူပရင့် လမ်းမများတွင် ဟေတီရဲများသည် လုယက်မှု၊ ခြိမ်းခြောက်မှု ပြုလုပ်သူများအား လိုက်လံဖမ်းဆီး နေရသည်။ ထို့အပြင် ထိုသို့သော ရာဇဝတ်မှု ကျူးလွန်သူ များအား ဒေါသထွက်နေသည့် ဟေတီ ဒုက္ခသည်များက သတ်ဖြတ်မှု များလည်း ရှိနေကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။ အစိုးရ အနေနှင့်လည်း မင်းမဲ့စရိုက် ဆန်ဆန် ဖြစ်နေသော မြို့တော် အခြေအနေအား တာဝန်ယူ ထိန်းသိမ်းပေးနိုင်ခြင်း မရှိသေးသောကြောင့် နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့များမှာ လုပ်ငန်း တွင်ကျယ်စွာ မဆောင်ရွက် နိုင်သေးချေ။ အမေရိကန် စစ်တပ်က လေထီးဖြင့် စားနပ်ရိက္ခာများ ချပေးရန် စီစဉ်ခဲ့သော်လည်း ငတ်မွတ်နေသည့် လူအများက အတင်း ပြေးလာချိန်တွင် ပိမိနိုင်သလို အချင်းချင်း လုယက် သတ်ဖြတ်မှုများ ဖြစ်လာနိုင်သဖြင့် ယင်းကိစ္စအား အကောင်အထည် ဖော်ရန် ဆိုင်းငံ့ထားရကြောင်း ဝန်ခံခဲ့သည်။

အမေရိကန် ရေတပ်သည် ဟေတီနိုင်ငံ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ရဟတ်ယာဉ် (၁၉)စင်းအား ပေးပို့ထားပြီး ဖြစ်သည်။ ထို့အပြင် ကူညီထောက်ပံ့ရေး လုပ်ငန်းများအား စောင့်ရှောက်ပေးရန် အတွက် မရိန်းတပ်သား (၂၂၀၀)နှင့် ရဟတ်ယာဉ် (၁၄)စင်း တို့မှာ ဇန်နဝါရီလ (၁၉)ရက် နေ့တွင် ထပ်မံရောက်ရှိ လာဖွယ်ရှိသည်။ ဟေတီသို့ ဇန်နဝါရီလ (၁၇)ရက်နေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင်လည်း လာရောက်ကြည့်ရှု ခဲ့သေးသည်။

ဟေတီတွင် ရှိသော ကုလသမဂ္ဂ ရုံးခွဲသည် ငလျင်ကြီးအတွင်း ပြိုကျ ပျက်စီးသွားရာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်(၃)ဦး အပါအဝင် လူပေါင်း(၄၀)ကျော်၏ အလောင်းများအား ကယ်ဆယ်ရေး တပ်ဖွဲ့များက ရှာဖွေ တွေ့ရှိထားသည်။ သို့သော်လည်း အခြားသော လူ(၃၀၀)ခန့်မှာမူ အပျက်အစီးပုံများ အောက်တွင်သာ ရှိနေသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here