ဆယ်ကျော်သက်များ စောစော အိပ်ယာ ဝင်ခြင်းဖြင့် စိတ်ကျရောဂါ ကာကွယ်နိုင်

alt

စောစော အိပ်ရာဝင်သည့် အလေ့ အကျင့်သည် ဆယ်ကျော်သက် လူငယ်များအတွင်း စိတ်ကျ ရောဂါ ဖြစ်ပေါ်စေမှုကို လျော့ကျစေမည့် အကျိုး ကျေးဇူးရှိကြောင်း ဆရာဝန် များက ဆိုသည်။

နောက်ဆုံးပေါ် သုတေသန လုပ်ငန်းတစ်ခုက စောစော အိပ်ရာဝင်ခြင်းကြောင့် လူငယ်များ အတွင်း စိတ်ကျခြင်း၊ သေကြောင်းကြံရန် စိတ်ကူးခြင်းတို့ကို လျော့နည်းလာစေကြောင်း သိရှိရသည်။ နောက်ကျ မှအိပ်ပြီး အိပ်ရေး မဝခြင်းသည် လူငယ်ထုအတွင်း စိတ်ဖိစီးမှု မြင့်တက်ခြင်းနှင့် ကျန်းမာရေး ပြဿနာများ ပိုမို ကြီးထွားလာရန် တွန်းအား ပေးလေ့ရှိသည်။

အိပ်စက်ခြင်းသည် မရှိမဖြစ် လိုအပ်သော ဇီဝဖြစ်စဉ်တစ်မျိုးဖြစ်ပြီး ယင်း၏ ကျန်းမာရေးအပေါ် အကောင်း၊ အဆိုး သက်ရောက်မှုများနှင့် ပတ်သက်ပြီး ပညာရှင် များကြားတွင်ပင် အမြင် ကွဲပြားမှုများ ရှိနေဆဲဖြစ်သည်။ သုတေသီများက ဆယ်ကျော်သက် မြီးကောင်ပေါက် အရွယ်များသည် ကလေးများ ကဲ့သို့ပင် (၉)နာရီနှင့် အထက် အိပ်စက်သင့်ကြောင်း အကြံပြု ထားသော်လည်း သဘာဝအရ ကျောင်းချိန်များ၊ အခြားကိစ္စများကြောင့် နံနက်ပိုင်းတွင် အချိန်ယူ အိပ်စက်ရန်မှာ ခက်ခဲဖွယ်ရှိသည်။

ထို့ကြောင့်လည်း ညဖက်တွင် အိပ်ချိန်ကို ပိုယူသင့်ကြောင်း ပညာရှင်များကဆိုသည်။ ထို့အပြင် ညဖက်သည် လူမှုရေးနှင့် အခြားသော ကိစ္စများတွင် သာမန်အားဖြင့် တာဝန်ပိုနည်းနေခြင်းကြောင့် စိတ်အေးလက်အေး အိပ်စက်နိုင်ကြောင်း သုတေသီများက ရှင်းပြခဲ့သည်။ အမေရိကန်တွင် နောက်ဆုံးပြုလုပ်သည့် သုတေသန စစ်တမ်းက ည(၁၀)နာရီထက် စောစောတွင် အိပ်ရာဝင်သော မြီးကောင်ပေါက် လူငယ်များသည် စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေတွင် သာမန်ထက် (၂၄)ရာခိုင်နှုန်း လျော့နည်းပြီး သေကြောင်းကြံ လိုသည့် အခြေအနေမှ (၂၀)ရာခိုင်နှုန်း ပိုနည်း သွားလေ့ရှိကြောင်း သိရသည်။

အမေရိကန် ဆယ်ကျော်သက် လူငယ်များ၏ စိတ်ကျန်းမာရေးဆိုင်ရာ လေ့လာမှုတစ်ခုအဖြစ် မြီးကောင်ပေါက်လူငယ် (၁၅၆၅၉)ဦးအား လေ့လာမှုများ ပြုလုပ်ပြီးနောက် စောစောအိပ်ခြင်းနှင့် ကျန်းမာရေး ကောင်းမွန်ခြင်းတို့ကြား ဆက်စပ်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဆရာဝန်များက ဆယ်ကျော်သက် များ၏ မိဘများအနေနှင့် မိမိတို့ သားသမီး အနေနှင့် အိပ်ချိန် လုံလုံလောက်လောက် ရှိအောင် ကြပ်မတ် ပေးသင့်ကြောင်းလည်း တိုက်တွန်း ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here