မွန်တီနီဂရိုးနိုင်ငံ ရေကြီးမှုကြောင့် တိရိစ္ဆာန်ရုံမှ ရေမြင်း အကြိုက်တွေ့သွား

alt

မွန်တီနီဂရိုး နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရာသီအလိုက် ရေကြီး ရေလျှံမှု အတွင်း တိရိစ္ဆာန်ရုံမှ ရေမြင်း တကောင် လွတ်မြောက်သွားရာ တိရိစ္ဆာန်ရုံ ဝန်ထမ်းများ အလုပ်ရှုပ် ခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ (၁၂)ရက်နေ့က မြို့တော် ပေါ့ဂိုဒီယာ ရှိ အက်ဒရီယန်းတစ် တိရိစ္ဆာန်ဥယျာဉ်မှ ရေမြင်း အမကြီး နီကီဆာ မှာ ရေလျှံလာပြီးနောက် လှောင်အိမ်ထဲမှ ရေကူးထွက်ခွာ သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

(၂)တန် အလေးချိန်ရှိ ရေမြင်းမသည် မွန်တီနီဂရိုး တနိုင်ငံလုံးတွင် တကောင်တည်း ရှိသော ရေမြင်းလည်း ဖြစ်သည်။ တိရိစ္ဆာန်ရုံ မန်နေဂျာ ဒေဗော်မူဂျိုဗစ် က ထိုနေ့ ညနေတွင်ပင် တိရိစ္ဆာန်ရုံမှ (၁)မိုင်မျှ အကွာတွင် ရေမြင်းအား ပြန်ရှာတွေ့ခဲ့ရကြောင်း အတည်ပြု ပြောကြား သွားခဲ့သည်။

ရေမြင်းများသည် အာဖရိက တိုက်တွင် နေထိုင် ကျက်စားလေ့ရှိပြီး ကမ္ဘာ့ကုန်းနေ နို့တိုက်သတ္တဝါ မျိုးနွယ်များတွင် အရွယ်အစား တတိယ အကြီးမားဆုံး ဖြစ်သည်။ သဘာဝ အားဖြင့် ရေမြင်းများသည် လူကို အန္တရာယ်ပြုတတ်သော အလေ့အထ ရှိသည့်တိုင် နီကီဆာမှာ လူနှင့်ယဉ်ပါးပြီး တိရစ္ဆာန်ရုံသို့ လာရောက်သူများ၏ အချစ်တော်အဖြစ် ရပ်တည်နေကြောင်း မူဂျိုဗစ်က ပြောကြားခဲ့သည်။

ထိုနေ့က ရေမြင်းမ လွတ်မြောက် သွားသဖြင့် စိုးရိမ်ခဲ့ကြသော်လည်း နီကီဆာသည် မည်သူ့ကိုမျှ အန္တရာယ် မပေးသဖြင့် စိတ်အေးခဲ့ရကြောင်း ၎င်းက ဆိုသည်။ တိရစ္ဆာန်ရုံ ဝန်ထမ်းများသည် နီကီဆာအား အစာဖြင့် မျှားကာ တိရစ္ဆာန်ရုံ အရောက် ပြန်ခေါ် လာပြီးနောက် မူလခြံဝင်း အတွင်း ပြန်ထည့် ပေးထားလိုက်ရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here