ကမ္ဘာပျက်မည့်နေ့ ညွှန်ပြနာရီ တမိနစ် နောက်ပြန် ရွှေ့လိုက်ပြီ

alt

ကမ္ဘာ့ လူသားများ၏ နေထိုင်မှု စံနစ်အရ ကမ္ဘာကြီး အပေါ် အကျိုး သက်ရောက်မှုများကို ဖော်ပြ ထားသည့် Doomsday Clock (ကမ္ဘာပျက်မည့်နေ့ ညွှန်ပြသည့် နာရီ) အား

ပညာရှင်များက တမိနစ်နောက်ပြန် အချိန် ရွှေ့လိုက်ပြီ ဖြစ်သည်။

ယင်းနာရီအား (၁၉၄၇) ခုနှစ်ကတည်းက တီထွင် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့လူသား များအား လက်နက် အန္တရာယ် ခြိမ်းခြောက်မှုကို သတိပေး နှိုးဆော်ရန် ရည်ရွယ် ထားသည်။ ဒုတိယ ကမ္ဘာစစ်၏ နာမည်ကျော် ဖြစ်ရပ်ဆိုးကြီး အနေနှင့် သမိုင်းတွင်စေသည့် အမေရိကန်က ဂျပန်သို့ အနုမြူဗုံး ကြဲချပြီး (၂) နှစ်အကြာတွင် စတီဖင်ဟော့ကင်း နှင့် အခြားသော နိုဘယ်ဆုရှင် (၁၈) ဦးတို့က ပထမဆုံး နာရီ ဘုတ်အဖွဲ့အဖြစ် တာဝန် ယူခဲ့သည်။ ထိုနာရီကို စတင်ချိန်က ကမ္ဘာပျက်မည့် အချိန်ဟု သတ်မှတ် ထားသော သန်းခေါင်ယံ နှင့် (၇) မိနစ် အကွာတွင် ထားရှိသည်။ ထိုအချိန်မှ စကာ နာရီအား (၁၈) ကြိမ်ထိ ညွှန်ကိန်းများ ပြောင်းလဲ ခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီလ (၁၅)ရက် နေ့တွင်မူ နျူကလီးယား လက်နက်ဖျက်သိမ်းမှု ညှိနှိုင်းရေး ကိစ္စများ ညှိနှိုင်းမှု၊ စွမ်းအင်ကဏ္ဍ အတွက် နျူကလီးယား စက်ရုံများ ပိုမို တည်ဆောက်လာခြင်းနှင့် ရာသီဥတု ဖောက်ပြန်လာခြင်းတို့ အပေါ် အခြေခံကာ တွက်ချက်မှုများ ပြုလုပ်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့တော်ရှိ နယူးယောက် သိပ္ပံအကယ်ဒမီရှိ နာရီ၏ လက်တံများကို ရွှေ့မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ကြိုတင် ကြေညာထားခဲ့သည်။ အမှန်တကယ် Doomsday Clock မှာမူ ချီကာဂိုတွင် တည်ရှိသည်။ ယခု လက်တံရွှေ့မည့် ကိစ္စအား လူပေါင်းများစွာက www.TurnBackTheClock.org မှတဆင့် တိုက်ရိုက် ကြည့်ရှုခဲ့ကြသည်။

ထို့နောက်တွင် ကမ္ဘာ့လူသားများ အတွက် ကျေနပ်စရာအဖြစ် တမိနစ် နောက်ဆုတ်လိုက်ခြင်း ဖြစ်သည်။ ကမ္ဘာနှင့် အဝှမ်း နိုင်ငံတကာ ချိတ်ဆက် ဆောင်ရွက်မှုများ တိုးတက် ကောင်းမွန် လာခြင်းကြောင့် ယခုလို နာရီလက်တံ နောက်ပြန်ရွှေ့ရန်  ဆုံးဖြတ် ခဲ့ခြင်းဟု ဘုတ်အဖွဲ့က ကြေညာခဲ့သည်။

နာရီလက်တံအား လွန်ခဲ့သည့် (၂)နှစ်ကျော် (၂၀၀၇)ခုနှစ်က နောက်ဆုံးရွှေ့ခဲ့ပြီး ထိုစဉ်က နျူကလီးယား လက်နက်များ ဆိုင်ရာ ထိန်းသိမ်းရေး ပြဿနာကို မဖြေရှင်းနိုင်ခြင်းကြောင့် သန်းခေါင်ယံသို့ ဦးတည်ကာ (၂)မိနစ် တိုးလိုက်သဖြင့် သန်းခေါင်ယံသို့ ပြသရန် (၅)မိနစ်သာ လိုသည့် အခြေအနေထိ ရောက်ခဲ့သော်လည်း ယခုတကြိမ် နောက်ရွှေ့လိုက်ခြင်းကြောင့် (၆)မိနစ်အကွာသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

သမိုင်းတလျှောက် Doomsday Clock ၏ အကောငး်ဆုံး လက်တံရွှေ့မှုကို (၁၉၉၁) ခုနှစ်က ပြုလုပ်နိုင်ခဲ့ပြီး ထိုစဉ်က အမေရိကန်နှင့် ဆိုဗီယက် ယူနီယံတို့ လက်နက်ထိန်းသိမ်းရေး မဟာဗျူဟာ စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ပြီးနောက် နာရီလက်တံအား (၁၇)မိနစ် နောက်ရွှေ့ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here