နှင်းဆီရောင် တော်လှန်ရေး ရုပ်ပုံလွှာ(၃)

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

ကျနော့ ဖြတ်သန်းမှု အစုစုတို့တွင် အမှတ်ထင်ထင် ရှိခဲ့တာလေးတွေ ရှိသည်။ ထို တဆစ်ချိုး လေးများတွင်

တော်လှန်သည့် လှိုင်းနှင့်အတူ စီးမျော လှုပ်ရှားခဲ့သည့် ကရင်ပြည်နယ်၊ ကေအန်ယူ ထိန်းချုပ်ရာ ကျေးလက် ဒေသများ နှင့် မိခင် တပ်မတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မ.က.ဒ.တ) တို့အား နှင်းဆီရောင် တော်လှန်ရေး အဖြစ် ပဆစ်ကွက် တွေလို စပ်ဖေါက်ယှက်ကာ ပုံဖေါ် ဦးမည်။

ငါတို့ ဒေသ၊ ငါတို့ တပ်မတော်

ကေအန်ယူ ထိန်းချုပ်ရာ နယ်မြေမှာ တောတွင်း ကရင်တိုင်းသား အများစု နေထိုင်ကြသည့်နေရာ တောင်ကြို တောင်ကြားထဲတွင် တောင်ပေါ်ရွာ၊ တောင်အောက်ရွာ ကိုယ်စီနှင့် အေးချမ်းစွာ တောင်ယာခုတ် ဒါးမဦးချ လုပ်ကိုင် စားသောက် နေထိုင်ကြသည့် တောင်ပေါ်ဒေသ ဓလေ့ကို နှစ်ခြိုက် သဘောကျမိသည်။

နံနက် မိုးမလင်းမှီ ခြေတံရှည်အိမ် အောက်မှ သင်တိုင်းဖြူ အင်္ကျီနှင့် ဝတ်ဆင် အနားသတ်ထားသော စေးမူဝါး မိန်းကလေး တယောက် ပါးစောင်းတွင် ဝါးဆေးတံကလေး ကိုက်ပြီး မောင်းထောင်နေသည်။သူမ၏ ဦးခေါင်းထက်တွင် အစိမ်းရောင် ခေါင်းပေါင်းစကလေး ပေါင်းထားသည်။ သူမ၏ နှုတ်ခမ်းအစုံတွင်တော့ နှုတ်ခမ်းနီများ လိမ်းကျံထားသည်ကို တွေ့နေရသည်။ စပါးကျည်ထဲမှ စပါးများကို နောက်လွယ် ပလိုင်းနှင့်သဲ့ယူ၍ တနေ့စာ ချက်စားရန် အတွက် မောင်းထောင်ရသည်မှာ သူတို့့၏ နိစ္စဓူဝ အလုပ်များပင် ဖြစ်တော့သည်။ အိမ်အောက်တွင် အော့အော့ အက်အက်နှင့် ရွံ့ထိုးနေသော နှုတ်သီးချွန် ဝက်များလည်း မွေးထားသေးသည်။ သူတို့၏ လူမျိုးဓလေ့ အခေါ်တွင် ထိုဝက်ကို အပျိုမ ဝက် (မုကနော်အထော့်)ဟု သိရသည်။ သင်တိုင်းဖြူ အပျိုမလေးများ မင်္ဂလာဆောင်လျှင် ထိုမွေးထားသည့် ဝက်ကို ပေါ်၍ ခေါင်ကျရည် နှင့်အတူ ကျွေးမွေး ဧည့်ခံကြလေ့ရှိသည်။

ကျနော်တို့ ရောက်စ အချိန်တုန်းကဆိုလျှင် ဆက်ဆံရေး အခြေအနေတွေက ဒီထက် ဆိုးရွားကြသည်။ ထိုအကြောင်း ဆိုရသော် သူတို့၏စိတ်ထဲတွင် ဗမာဆိုလျှင် ချေးကြောက်၊ သေးကြောက် ကြောက်ကြသည်တဲ့။ ကျနော်တို့ မမွေးခင် ခေတ်ကာလတွေ တုန်းက ဗမာပြည် နိုင်ငံရေးသမိုင်း ထဲတွင် ကရင်၊ဗမာ အဓိကရုဏ်း ဖြစ်ခဲ့ကြသည်။ ထိုအချိန်တွေတုန်း က ရေးထိုးထားရစ်၍ ကရင်၊ ဗမာ မုန်းတီးရေးမှာ သမိုင်းတွင် ကျန်ရစ်ခဲ့သည်။ ထိုအမွေဆိုးများကြောင့် ကျနော်တို့ ခေတ်ဆီ တောထဲ၊ တောင်ထဲမှ တော်လှန်ကြမည်ဟု ရောက်လာကြသည့် အချိန်ကာလ များတွင် မြို ့ပေါ်မှ ဗမာစကားပြောသူ မှန်သမျှ သူတို့တွေ ဗမာဟု သူတို့တွေ ထင်မြင်ပုံရကြသည်။

သူတို့ရွာများကို ယခင့် ယခင်က ရန်သူအစိုးရ စစ်တပ်များမှ ကရင် တောင်ပေါ်ရွာများနေ တိုင်းရင်းသား များကို ကရင်သူပုန် အမျိုးတွေဟုဆိုကာ ယောက်ကျားဆိုလျှင် ဖမ်းဆီးချုပ်နှောင်ပြီး သတ်ပစ်ခဲ့ကြသည်။ ကရင် အမျိုးသမီးဆိုလျှင် သားမယား ပြုကျင့်မှုများကြောင့် အချို ့မှာ ဘဝတွေ နစ်မွန်း ဆုံးရှုံးခဲ့ ကြရသည်။ ထို့ကြောင့် သူတို့ ကရင် စကားအရဆိုလျှင် ပရော်(ဗမာ)ဆိုသည့် အသံကြားလျှင် နောက်လွယ် ပုလိုင်းလွယ်ပြီး ထွက်ပြေးဖို့ တပြင်ပြင် ဖြစ်တတ်ကြသည်။ ကျနော်တို့ စစ်ကြောင်းသူတို့ ရွာထဲတွေထဲတွင် သူတို့နှင့်အတူ တမိသားစုတည်း ဖြစ်အောင် နယ်မြေခံ ကရင်အမျိုးသားများနှင့် ကာလ အတော်ကြာကြာ ဆိုးတူကောင်းဘက် ရပ်တည် ၍တည်ဆောက် ယူကြရသည်။ သူတို့လည်း လူသားတွေပဲ မဟုတ်လား ? နောင်တော့လည်း သူတို့က ကျနော်တို့ကို သံယောဇဉ်တွေ ဖြစ်ကုန်သည်။ ကျနော်တို့ကို ပရော်(ဗမာ)တွေဟု မခေါ်တော့ပဲ ကျိုးဖိုး (ကျောင်းသားလေးတွေ) ဟု အများစုက ခေါ်ဝေါ် လာခဲ့ကြသည်။

ရင်နင့်ဖွယ် ဖြစ်ရပ်တွေလည်း တွေ့ရသည်၊ အိမ်တအိမ်တွင် ကရင် မိခင်တဦးက ဂျီးကျနေသော သူ၏ သားငယ်ကလေး စူးစူးဝါးဝါး အော်ငိုနေရာ မိခင်လုပ်သူက အမျိုးမျိုး ချော့မြူသော်လည်း ကလေးက အငိုရပ်မသွား။ နောက်ဆုံး မိခင်ဖြစ်သူမှ “ပရော်ဟဲ့ထော်လီး(ဗမာလာပြီ၊ ဗမာလာပြီ)” ဆိုလိုက်တော့မှ ကလေးလည်း ချက်ချင်း အငိုရပ်သွားတာ ကိုယ်တွေ့မို့ တွေ့ရ၍ အံ့ဩခြင့်မက တုန်လှုပ်ခြင်း ကြီးစွာဖြစ်ခဲ့ရသည်။ ထိုဖြစ်ရပ်တွေ၏ အရ်ိပ်မှာ ငြိမ်းငြိမ်းချမ်းချမ်း အေးးချမ်းစွာ လုပ်ကိုင် စားသောက်နေထိုင်ကြသည့် တောင်ပေါ်နေ တိုင်းရင်သားများကို စစ်တပ်သည် လူလူခြင်း သနားညှာတာစိတ်၊ ကင်းမဲ့စွာ နှစ်ပေါင်းများစွာ နှိပ်စက်ကလူ ပြုမှုကြောင့် သူတို့၏ အမှတ်တမဲ့လေးများသည် အစဉ်အဆက် ထာဝရဖြစ်လာကြရသည်မှာ အမိပြည်ထောင်စု အတွက် အလားအလာ မကောင်းတော့ပေ။

အသက် သုံးနှစ်အရွယ် ကလေးငယ်တဦး လက်ထဲတွင် တောင်ယာ သခွားသီး တလုံးကို မုန့်၊ ပဲ၊ သားရေစာ အောက်မေ့၍လား မပြောတတ်။ မြိန်ရည်ယှက်ရည် စားနေသည်ကြံုဖူး၍ ထိုသို့ အောက်ကျ၊ နောက်ကြ ဖြစ်ရမှုများကို စိတ်ထဲတွင် အကြိမ်ကြိမ် ကြိတ်၍ ငိုခဲ့ရဖူးသည်။ တောင်ပေါ်ရွာများတွင် ဈေးဆိုင်များ မရှိတတ်၊ လမ်းပမ်း ဆက်သွယ်ရေး အတော်ခက်သည့် ဒေသများဖြစ်သည်။ တောင်ယာထွက် သီးနှံများကို မြို ့ပေါ်တက်၍ ဆားနှင့် သော်လည်းကောင်း၊ အဝတ်အစားဖြင့် လည်းကောင်း လဲလှယ်ပြီး သူတို့၏ တောင်ပေါ်ရွာလေးတွေကို ရိက္ခာကိုယ်စီဖြင့် အစုလိုက် ပြန်လာတတ်ကြသည်။ တောင်ပေါ် ရွာအဝင်များတွင် ဝါးဘိုး ဝါးကြီးများဖြင့် ကာရံ ထားတတ်ကြသည်။ ရွာသို့ဝင်လျှင် ဘေးတဘက် တချက်တွင် စီစီရီရီ ဆောက်ထားသော ဝါးအိမ်များကို တွေ့ရမည်။ ရွာအလယ်တွင် ဘော်လီဘောကွင်းကို တွေ့ရမည်။ ရွာထိပ်အစွန် ထောင့်နားများတွင် အများအားဖြင့် ခရစ်ယာန် ဘုရားရှှိခိုးကျောင်း တကျောင်း တွေ့ရမည်။

ခရစ်ယာန် အများဆုံး ကိုးကွယ်ကြသည့် ရွာများတွင်-တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း တက်ကြရသည်။ ခလေးတွေအတွက်တော့ ဆန်းဒေးစကူးလ် ရှိသည်။ သင်တိုင်းဖြူ စေးမူဝါးတို့ကတော့ ရှည်လျှားနွှဲ့နှောင်းသည့် ဆံနွယ်တွေကို ဖားလျှားချပြီး လက်တဘက်တွင် ခရစ်ယာန် ကျမ်းစာအုပ်ကိုယ်စီ ကိုင်ဆောင်ပြီး ဘုရားကျောင်း သွားကြသည်။ ကျနော်တို့ တည်းခိုသည့် အိမ်ရှင်မှ သူတို့နှင့် ဘုရားကျောင်း အတူတက်ဖို့ ခေါ်တတ်ကြသည်။ ထိုအခါ ကျနော်တို့ လိုက်သွားတတ်သည်။ ပိုက်ဆံအကြွေ (သို့) ငွေစက္ကူ အသစ်တကျပ်စီ ပေးထားသည်။ ဘုရားကျောင်း ဝတ်ပြုသည့်အခါ အလှူတော်ငွေ ကောက်ခံသည့် ဓမ္မအမှုဆောင်မှ တယောက်ခြင်းဆီသို့ ပိတ်ဖြူနှင့် ချုပ်လုပ်ထားသော ငွေထည့် ကတော့ချွန် အိပ်ကလေးနှင့် အလှူခံနေသည်။ ကျနော်တို့ ငွေစက္ကူများ ထည့်လှူလိုက်သည့် အခါ “ဘုရားသခင် ထာဝရ စောင့်ရှောက် နိုင်ပါစေ”-လို့ ချီးမွန်း ထောပနာ ဆုမွန်ကောင်း ပေးကြသည်။ ထိုအခါများတွင် ကျနော့ ရင်တွင် ပီတိ ဖြစ်မိသည်။

အတွေးတခု ဖြတ်ကနဲ ဝင်ရောက်လာသည်မှာ ဘာသာတရား ဆိုသည်မှာ ကောင်းမွန်သည့် သမ္မာတရား များဖြစ်ကြသည်။ မိမိကိုယ်တိုင်မှာလည်း ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်နေပေမဲ့ ခရစ်ယာန် ဘာသာကိုလည်း ဝတ်ပြုခွင့် ရသည်။ သူတို့၏ နွေးထွေးလှိုက်လှဲမှု ဘာသာ ဓလေ့ကို လေးစားသမှု ဖြစ်မိ၏။ တော်လှန်ရေးနယ်မြေ အနီးအနားများတွင် အထူးသဖြင့် ယခုလို ဘာသာရေး ကိုင်းရှိုင်းသည့် ရွာများတွင် ထိုလူထုနှင့် တသားတည်း ဖြစ်တည်ရေး ကိစ္စ၌ ဤ ဘာသာတရားသည်လည်း အကြောင့်အချက် တခုအဖြစ် ပါဝင်လိမ့်မည်ဟု ယုံကြည်နေမိသည်။ ထို့ကြောင့် နောင်များဆိုလျှင် ခရစ်ယာန်ဘာသာနှင့် ပတ်သက်သည့် ဓမ္မသစ်၊ ဓမ္မဟောင်း ကျမ်းစာများကိုပါ မှတ်သားဖွယ် အပိုဒ်များကို ဖတ်မှတ်လေ့လာပြီး ထိုဒေသရှိ ဘာသာရေး ဓမ္မဆရာများနှင့် ဘာသာရေး အကြောင်းဆွေးနွေးရင်း နိုင်ငံရေးအကြောင်း စိတ်ဝင်စားလာအောင် တစစ စည်းရုံးမှု ပြုရ နေရတော့သည်။ ထိုအခါ လူထုမှာ သူတို့၏ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများကို ရင်ဖွင့် ဆွေးနွေးလာသည်။ တမိသားစုတည်း သဖွယ် အစစအရာရာ ကူညီပံ့ပိုးမှုများ အပြင် အရေးကြံု လာခဲ့လျှင်လည်း သူတို့ပဲ ကျနော်တို့၏ အသက်တွေကို ကာကွယ်ပေးခဲ့ပါလား ? ဟု မြင်ယောင်ရင်း တိုင်းရင်းသား လူထု၏ ကျေးလက် စေတနာတွေကို အတိတ်ဒိုင်ယာရီလို ပါးပါးလှပ်လှပ်လေး ဖွင့်ကြည့် နေမိတော့သည်။

၁၉၉၄-၉၅ခုနှစ် အစပိုင်း ကာလ၊ အခြေအနေ တချို့။

မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(မ.က.ဒ.တ)၏ ဗဟိုဌာနချုပ်မှာ ဒါးဂွင်တွင် ဖြစ်သည်။ ဒါးဂွင်သည် ယခင်က ရန်သူအခြေပြု တပ်စွဲထားသော နေရာဟောင်း၊ ထိုနေရာဟောင်း၌ ကျနော်တို့ တပ်စခန်းများ အခြေပြုရသည်။ ဥသုထ အထက်ဘက်တွင် ဖြစ်သည်။ ထိုနေရာမှာ စရောက်၍လား မသိ ရဲဘော်များမှာ ငှက်ဖျားရောဂါ ဖြစ်ကြသည်။ ကျနော်တို့ တပ်ရင်းဘေးတွင် မ.က.ဒ.တ ဗဟိုသင်တန်းကျောင်း တခုရှိသည် ထိုသင်တန်းကျောင်း ဘေးတွင် (၂၁၂)တပ်ရင်း ရှိသည်။ ဒါးဂွင်ကို အမည်ပြောင်းပြီး ဒေါင်းဂွင်ဟု အမည်အသစ် ခေါ်တွင်စေခဲ့သည်။ ဒေါင်းဂွင်၌ အခြေချနေထိုင်စဉ် အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် (၁/၉၄) ကို ဖွင့်လှစ်နေချိန်လည်း ဖြစ်သည်။ ထိုသင်တန်းသည် မ.က.ဒ.တ ဗဟိုမှ စတင် ဖွင့်လှစ်သော သင်တန်း အမှတ်စဉ်(၁) ဖြစ်သည်။ ကျနော်တို့မှာ တပ်ရင်း၌ သင်တန်းတက်ခဲ့ရ၍ အပတ်စဉ် မရှိခဲ့ပါ။

နောက်တကြိမ် ဗဟိုဌာနချုပ် ဆက်သွယ်ရေး တပ်ဖွဲ့မှ (၁/၉၄) ဆက်သွယ်ရေး သင်တန်းပေးရန် အတွက် သက်ဆိုင်ရာ တပ်ရင်းများမှ ရဲဘော် တယောက်စီ ဆင့်ခေါ်သည်။ ထိုသင်တန်းသို့ (၁ဝ)တန်းအောင်၊ သို့မဟုတ် (၈)တန်း၊ (၉)တန်း၊ စတဲ့ အခြေခံပညာ ရှိသည့်ရဲဘော်များ ဖြစ်ရမည်ဟု ချွင်းချက်ပါရှိသည်။ တပ်ရေးဗိုလ်ကြီးမှ ကျနော့်အား ဆက်သွယ်ရေး သင်တန်းတက်ရန် ဆွေးနွေးလာသည်။ ဆက်သွယ်ရေး ဘာသာရပ်၏ အရေးကြီးပုံကို စိတ်ဝင်စားပြီး ယခုဖွင့်လှစ်မည့် ဆက်သွယ်ရေး သင်တန်းကို ကျနော် တက်ရောက်မည်ဟု ကတိပေး လိုက်သည်။ တပ်ရေးဗိုလ်ကြီးမှ ကျနော်အား မ.က.ဒ.တ ဥက္ကဌထံ ခေါ်သွားပြီး ဥက္ကဌနှင့် တွေ့ဆုံစေခဲ့ပြီး၊ သူက ဥက္ကဌ ကျနော် တပ်ရင်း(၂၁ဝ)က ဆက်သွယ်ရေး ရဲဘော်အဖြစ် ဒီရဲဘော်ကို စာရင်း ပေးသွင်းပါတယ်ဟု သတင်းပို့သည်။ မကြာခင် တပ်ရင်းသို့ ပြန်၍ ဘားတိုက်တွင် ကျနော့် အဝတ်အစား(၂)စုံနှင့် မုဒုံစောင်တထည်ကို ကြွတ်ကြွတ် အိပ်ထဲထည့်ပြီး၊ ဆက်သွယ်ရေး သင်တန်းကျောင်းသို့ သင်တန်းသား အဖြစ် သွားရောက် စခန်းဝင် ရပါတော့သည်။

ဆက်သွယ်ရေး သင်တန်းသား စုစုပေါင်း(၁၂)ဦးခန့် ရှိမည်။ သံလွင်မြစ် ကမ်းဘေးတွင် ဖြစ်သည်။ သင်တန်း ရဲဘော်များမှာ တပ်ရင်း အသီးသီးမှ ရဲဘော်များဖြစ်ကြ၍ တဦးအကြောင်း တဦး မသိကြရသေးပါ။ ထို့ကြောင့် စကားပြောဆို ကြရာတွင် မာနလေးတွေ ကိုယ်စီ ရှိတတ်ကြသည်။ သင်တန်း ကြီးကြပ်သူမှ သင်တန်းသားများ ချစ်ခင်စွာ နေထိုင်ကြရန်၊ တနေ့တာ လုပ်ငန်း အစီအစဉ် ဇယားများ ဆွဲပေးသည်။ သင်တန်းသား များကို ကသ(ကျောင်းသား) နံပါတ်များ ကိုယ်စီ ထုတ်ပေးသည်။ အုပ်စု တအုပ်စုတွင် အလှည့်ကျ ခေါင်းဆောင်တာဝန် ထမ်းဆောင်ရသည်။ သင်တန်း၏ က.သ နံပါတ်များ ပေးရာတွင် ကျနော်၏ နံပါတ်မှာ(၄) ဖြစ်သည်။ အလှည့်ကျ အုပ်စု နေ့စဉ်၌ မိမိတာဝန်ကျရာ လုပ်ငန်းစဉ်များမှာ နံနက် စောစောတွင် အဖွဲ့ခေါင်းဆောင်မှ ထ၍ ဝီဆယ်မှုတ် ပြီး သင်တန်းသားများကို နိုးရသည်။ ထမင်းချက် တာဝန်ကျသူက ထမင်းချက်ရန်၊ ထမင်းချက်ဖို့ ရေကို သံလွင်မြစ်ထဲမှ (၅)ဂါလံပုံးဖြင့် ထမ်းတင်ရေခပ် ပေးကြရသည်။ နံနက်(၇)နာရီ ထိုးပြီးအချိန်တွင် သင်တန်းသားများ စားသောက်ပြီးချိန် ဖြစ်ရမည်။ သတ်မှတ်ထားသည့် အချိန်၌ အဆင်သင့် မဖြစ်လျင် သင်တန်းမှုးမှ ထိုအုပ်စုကို အမှတ် ဖြတ်သည်။ တာဝန် မကျသေးသည့် အုပ်စုများမှာ ပေးထားသည့် သင်ခန်းစာများကို ပုရစ်အော်သည့် အလား အော်ဖတ် လေ့ကျင့်နေကြသည်။

သင်တန်းကာလ အချို့အချိန်များတွင် မ.က.ဒ.တ မှ နိုင်ငံရေး ခေါင်းဆောင်၊ စစ်ရေး ခေါင်းဆောင် အချို့မှ နိုင်ငံရေး အခြေခံ သင်ခန်းစာများ ၊ စစ်ဘက် စာရေးသားနည်းများ၊ ရုံးလုပ်ငန်း အချို့ကို သင်ကြား ပို့ချပေးကြသည်။ သင်တန်း ကြားကာလတွင် သင်တန်းသား အချို့မှာ ငှက်ဖျား ဒါဏ်ကိုအလူး အလဲခံကြရ၍ သင်ခန်းစာ နောက်ကျလျင် ထိုရဲဘော်ကို သင်တန်းသား အချင်းချင်းမှ လိုက်မှီနိုင်အောင် လက်တွဲ ခေါ်ဆောင်ရသည်။ သင်တန်းကာလမှာ (၆)လတာ ကြာမြှင့်သည် ဖြစ်သည်။ ထိုကာလအတွင်း ဆက်သွယ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို မနည်းမှီအောင် ကြိုးစားကြရသည်။

ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ၁၉၉၄ခုနှစ်၊ ဇူလိုင်လမှာ ဆင်းဖြစ်သည်။ သင်တန်း ဆင်းချိန်မှစပြီး မိခင်တပ်ရင်းများ၌ အချိန်ပြည့်တာဝန် မထမ်းဆောင် နိုင်တော့ပဲ ဆက်သွယ်ရေး တပ်ဖွဲ့၌ ရေဒီယို အော်ပရေတာ ရဲဘော်အဖြစ် စတင် တာဝန် ထမ်းဆောင်ရသည်။ လုပ်ငန်းများကို စက်ခန်းထဲတွင်သာ အချိန်ပြည့် အလုပ်လုပ်ရင်း ဆက်သွယ်ရေး တပ်ဖွဲ့မှူးမှ သက်ဆိုင်ရာ တပ်ဆွယ်များတွင် တာဝန် ထမ်းဆောင်ရန် အမိန့်စာများ ကျလာပါသည်။ ကျနော် တာဝန်ကျသည့် တပ်ဆွယ်မှာ တပ်ဆွယ်(၂)တွင် ဖြစ်သည်။ အခြားရဲဘော်များမှာ သက်ဆိုင်ရာ တပ်ဆွယ်များသို့ ခရီးထွက်ရန် ပြင်ဆင်နေကြသည်။ ခရီးထွက်ခါနီး ရဲဘော်အချင်းချင်း ဌာနချုပ် လဘက်ရည်ဆိုင်၌ လဘက်ရည်မှာ သောက်ကြပြီး မကြာမီ ကမ်းဘေးသို့ ထိုးစိုက်လာသော စက်လှေပေါ်သို့ ကိုယ်စီ တက်သွားကြပြီး တာဝန်ကျရာ နေရာသို့ နှုတ်ဆက်လက်ပြပြီး သွားရောက် တာဝန် ထမ်းဆောင်ကြရသည်။

ကျနော် တာဝန်ကျသည့် နေရာမှာ ကေအန်ယူ ဗဟိုဌာနချုပ်ကြီး တည်ရှိရာ မာနယ်ပုလောတွင် ဖြစ်သည်။ မာနယ်ပုလော ဌာနချုပ်ကြီး အနီးတွင် လောကွားလူရုံး ရှိသည်။ ထိုရုံးမှာ မ.က.ဒ.တ ၏ မဟာမိတ် ဆက်ဆံရေး ဗဟိုဌာနချုပ် ရုံးခွဲဖြစ်သည်။ မာနယ်ပုလောတွင် တာဝန်ကျစဉ် ထိုအချိန်က တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှ ကျင်းပပြုလုပ်သည့် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ကျင်းပချိန်လည်း ဖြစ်သည်။ မာနယ်ပုလော ဌာနချုပ်သည် အဖွဲ့အစည်း အသီးသီး ရုံးအသီးသီး နှင့် စံနစ်ကျစွာ တည်ရှိ၍ မြို့ငယ်လေး တခုအလား ဖြစ်တည်နေသည်။ သောင်ရင်းမြစ်ကို မေးတင်ထားသည့် မာနယ်ပုလောမှာ မိုးမခအပင်များ ဝေဝေဆာဆာလှသလို သံလွင်ကလည်း စိမ်းမြကြည်လင်စွာ စီးဆင်းနေသည်။ နှစ်စဉ် ကရင် အမျိုးသားနေ့ကို ထိုဌာနချုပ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။ တဘက်က ကရင် အမျိုးသားနေ့ ကျင်းပနေသလို ထွီပါဝီကျိုး ခံစစ် တောင်ကြောများတွင် ရန်သူနှင့် တော်လှန်ရေး ရဲဘော်တွေမှာလည်း တိုက်ပွဲက အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်နေသည်။ ဤသည်ကို ကျနော်တို့ ရုံးအရှေ့့မှ မကြာခဏ ဖြတ်သွားသော စက်လှေများပေါ်တွင် လက်နက် အပြည့်အစုံဖြင့် ပုဝါနီများ ဝှေ့ယမ်း၍ နှုတ်ဆက် ထွက်ခွာသွားကြသော ရဲဘော်များက သက်သေထူ နေကြသည်။

ထိုစဉ်ပအိုဝ့် လက်နက်ကိုင် အင်အားစု တစုမှ စစ်ပူနေသည့် မာနယ်ပုလောမှ ၎င်းတို့ တပ်ပြန်နှုတ်ပြီး ခရီးထွက်ဖို့ ကျနော်တို့ ရုံးရှေ့တွင် စုရုံး ရောက်ရှိနေတာ တွေ့ရသည်။ မကြာမီ ၎င်းတို့အထဲမှ ခေါင်းဆောင်ဖြစ်ဟန် တူသူမှ ကျနော့်အား နှုတ်ဆက်သည်က စဉ်းစားစရာ ဖြစ်နေသည်။ ပြီးတော့ ယောက်ဖ ရေ နှုတ်ဆက်ခဲ့တယ် … ကွာ၊ ကံမကုန်ယင် ရန်ကုန်မှာ ပြန်ဆုံ ကြသေးတာပေါ့-ဟု နှုတ်ဆက်ပြီး သူတို့အလံကို လှေဦးထိပ်တွင် ထောင်၍ ပအိုဝ့် ဝတ်စုံကိုယ်စီ၊ ခေါင်းပေါင်းကိုယ်စီနှင့် စက်လှေထွက် ခွာသွားတာကို အသက်မပါပဲ လက်က နှုတ်ဆက်နေပုံက သူတို့ကို ထိုစဉ်က ဘယ်လို နားလည်ရမလဲ? ဟု စဉ်းစားရ ခက်နေခဲ့သည်။

အခုတော့ ထို နှုတ်ဆက်သွားသော ပအိုဝ့် ခေါင်းဆောင်ကို မ.က.ဒ.တ ရဲဘော်တယောက်က မေးလိုက်ချင်သည် တံလျှပ်ကို ရေထင်ပြီး၊ သတ်ကွင်းထဲ ဝင်ကာ ငြိမ်းချမ်းရေး ရသွားကြသည်ဟု ထင်သော တိုင်းရင်းသား ငြိမ်းအချို့အဖွဲ့ ကံကြမ္မာများမှာ ………။

ယခုအခါ ပြည်သူကို မျက်နှာလွဲမိ၍ စစ်အာဏာရှင် ထံပါး အသက်ငင်နေကြရပြီ မဟုတ်ပါလော။

ကျည်ဝေဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here