အဓိကရုဏ်း နှိမ်နင်းရေးဒိုင်း စွပ်ဖား လုပ်စီးသည့် ဗြိတိန်ရဲ ကြိမ်းမောင်း ခံရ

alt

အပျော်သဘောဖြင့် အဓိကရုဏ်း နှိမ်နင်းရေး ဒိုင်းကို စွပ်ဖား လုပ်စီးခဲ့သည့် ဗြိတိန်ရဲ တဦးနှင့် ၎င်း၏ မိတ်ဆွေများမှာ အထက် လူကြီးက ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရကြောင်း သိရသည်။

ယခု သီတင်းပါတ် အစောပိုင်းက ရဲအရာရှိ သူငယ်ချင်း အချို့တို့သည် ဟာသ သဘောဖြင့် တောင်းဆိုခဲ့ရာ ၎င်းတို့အနက်မှ တဦးသည် အောက်စဖို့ရှိုင်းယား ရှိ တောင်စောင်း တခုမှတဆင့် ဒိုင်း ကိုအသုံးပြုကာ လျှောဆင်း ပြခဲ့သည်။

ထိုသို့ ဆော့ကစားမှုအား ရဲများက ရယ်မော ပျော်ရွှင်နေသော်လည်း ယင်းတို့၏ အကြီးအကဲ ကမူ မရယ်နိုင်ချေ။ ရဲအရာရှိများသည် ထိုအနီးတွင် ရှိနေသော လူတဦးက ယင်းတို့ ဆော့ကစားနေသည်ကို ဗီဒီယို ကင်မရာဖြင့် မှတ်တမ်းတင်ထားသည်ကို ခွင့်ပြုမိခဲ့ကြသည်။ သို့သော် ထိုသူက ယင်းဗီဒီယိုကို YouTube ဝဘ်ဆိုဒ်သို့ တင်လိုက်သောအခါ ရဲတပ်ဖွဲ့ဝင်များအား ဝေဖန်မှုအချို့ ပေါ်ပေါက်လာခဲ့ရသည်။

အောက်စဖို့စီးတီး ရဲတပ်ဖွဲ့မှ အကြီးအကဲ တဦးဖြစ်သူ အင်ဒရူး မာရေး က တဖွဲဖွဲကျနေသော ဆီးနှင်းများသည် လူတိုင်းကို ကလေးငယ်တဦးကဲ့သို့ ဆော့ကစားချင်အောင် ဆွဲဆောင်နိုင်သည်ကို နားလည်ကြောင်း၊ သို့သော်လည်း ရဲများကို တာဝန်ချိန်တွင် ထိုကဲ့သို့ အရူးထခြင်းမျိုး မပြုလုပ်ရန် ကြိုတင်မှာကြားထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့ ဆော့ခဲ့သည့်ဒိုင်းမှာ တရားဥပဒေ စိုးမိုးရေးအတွက် အခွန်ထမ်း ပြည်သူများ၏ ငွေကြေးဖြင့် ၀ယ်ယူထားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိ၏ လက်အောက်ခံ ရဲများက ယခုလို အပြုအမူမျိုး လုပ်ခဲ့ခြင်းအတွက် စိတ်ဆိုးမိကြောင်းနှင့် ယင်းတို့အား ခေါ်ယူကြိမ်းမောင်း သတိပေးထားကြောင်းလည်း မာရေးက ဆိုသည်။ ယင်းဖြစ်ရပ်သည် အောက်စဖို့အနီး ဘိုအာဟေးတွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ရဲအရာရှိ လေးငါးယောက်သည် ၎င်းတို့ကိုယ်ပိုင် ဗီဒီယို ကင်မရာများဖြင့် လျှောစီးနေသည့် ရဲအား ရိုက်ကူးနေကြပြီး ပြံုးပြံုးလေး နေရန်ပင် အကြံပေး နေကြသေးသည်။

Youtube သို့ တင်လိုက်သည့် (၄၁)စက္ကန့်ကြာ ဗီဒီယိုအား ရိုက်ကူးခဲ့သူ ရစ်လက်သမ်က ရဲများသည် ၎င်းကို တွေ့သွားချိန်တွင် နှင်ထုတ်ကြမည်ဟု ထင်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့အား ဗီဒီယို ရိုက်လိုကြောင်း ပြောသည့်အခါ အသာတကြည် လက်ခံခဲ့သလို မိမိတို့သည်လည်း ပျော်ရွှင်တတ်သော လူသားများပင် ဖြစ်ကြောင်း ရယ်ရယ်မောမော ပြောဆိုခဲ့သေးသည်ဟု ပြန်လည် ပြောပြသွားသည်။

ဗီဒီယိုထဲတွင် ရဲများစီးနင်းသော ရဲကားကိုပါ ရိုက်ကူးထားသည်။ လက်သမ်ကမူ မိမိသည် ခပ်တည်တည်နှင့် တာဝန် ထမ်းဆောင်နေသော ရဲများကိုသာ တွေ့မြင်နေရကြောင်း၊ ယခုလို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေတတ်သည့် ရဲအရာရှိများကို နှစ်သက်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here