ရေခဲမတတ် မြစ်ရေတွင် ရေဆင်းချိုး ခဲ့ကြသည့် ဟိန္ဒူ ဘာသာဝင်များ

alt

အိန္ဒိယနိုင်ငံ ဟာရီဝါရှိ ထောင်နှင့် ချီသော ဟိန္ဒူဘာသာဝင် များသည် ရေခဲမတတ် အေးစက်နေသော ဂင်္ဂါမြစ်ထဲတွင် ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက ရေဆင်း ချိုးခဲ့ကြသည်။

၎င်းတို့သည် ဟိန္ဒူဘာသာရေး အထွတ်အမြတ် ပွဲတော်ကို ကြိုဆိုကာ ဘာသာရေး ယုံကြည်မှု အရ အပြစ်များကို ဂင်္ဂါ မြစ်ရေဖြင့် ဆေးကြော ကြခြင်းဖြစ်သည်။

သို့သော်လည်း ရက်ပေါင်း (၁၀၀)အတွင်း လူ(၁၀)သန်းခန့် လာရောက်ဖွယ်ရှိသည့် ယင်းဘာသာရေး ပွဲတော်သည် စိတ်မကောင်းစရာ အခြေအနေ တခုနှင့် အစပြုခဲ့သည်။ ထိုနေ့က လူအများ တိုးဝှေ့မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီး (၆)ဦးနှင့် ကလေးငယ် (၁)ဦးတို့ လူနင်းမိပြီး သေဆုံးကာ (၁၂)ဦး ဒဏ်ရာရခဲ့သည်။

ကာလက္ကတား တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တွင် လူပေါင်းများစွာတို့သည် ကျွန်းပေါ်ရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်းသို့ သွားရောက်ရန် အလုအယက် လှေငှားကြရင်း ထိခိုက်မိခြင်းဟု ဆိုသည်။ ထောင်နှင့်ချီသော ယောက်ျား၊ မိန်းမ၊ ကလေးငယ်များသည် ရေစီးနှုန်း မြန်ဆန်သော ဂင်္ဂါမြစ်ရေထဲသို့ ဆင်းသက်ကာ ဘာသာရေးအရ မြင့်မြတ်သော နေရာသို့ သွားရောက်ကြသည်။

မတော်တဆ ရေနစ် သေဆုံးမှုများ မဖြစ်ပေါ်စေရန် အိန္ဒိယ အာဏာပိုင်များက ဘုရားဖူးများ အနေနှင့် သတ်မှတ်ထားသော နေရာများတွင်သာ ရေချိုးကြရန် နှိုးဆော် တိုက်တွန်းထားကြသည်။ မျက်မြင်များက ညအပူချိန် (၇)ဒီဂရီ စင်တီဂရိတ်ထိ ကျဆင်းနေသော်လည်း လူပေါင်းများစွာ တို့သည် ဂင်္ဂါမြစ်တွင် ရေချိုးရန် မော်တော်ယာဉ်များ၊ ဘတ်စ်ကားများ၊ ရထားများအပြင် ထော်လာဂျီ များဖြင့်ပါ အရောက် လာနေကြောင်း ပြောကြားခဲ့သည်။

ပွဲတော်သို့ (၅)ကြိမ်မြောက် ရောက်လာသည့် အသက်(၅၅)နှစ် အရွယ် ရှာရမ်လယ်က ဟိန္ဒူ      ဘာသာဝင်များသည် ယခုပွဲတော်ချိန်တွင် ဂင်္ဂါမြစ်ရေကို ချိုးခြင်းဖြင့် ဝိဉာဉ်ဓာတ်ကို သန့်ရှင်း စင်ကျယ်စေသည်ဟု ယုံကြည်ကြကြောင်း ပြောကြားသွားသည်။

အိန္ဒိယ အစိုးရသည် ဟာရီဝါမြို့တွင် လူအုပ်အလွန် များပြားနေသဖြင့် ရဲထောင်ပေါင်း များစွာကို နေရာချထား ပေးရသည်။ ရဲဌာနက ယခုကဲ့သို့ လူအမြောက်အမြား စုပြံုရောက်ရှိနေချိန်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း ဝန်ခံထားသည်။

သို့သော်လည်း သမိုင်းတလျှောက်တွင်မူ ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုး မဖြစ်ပေါ်ခဲ့ဖူးချေ။ ယခုနှစ်တွင်လည်း အကြမ်းဖက်မှုထက် အအေးပတ်ပြီး ဘုရားဖူးများ ကျန်းမာရေး ထိခိုက်မည်ကို ပိုမိုစိုးရိမ်မိကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ အာလော့ရှာမန်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here