ရေခဲမတတ်မြစ်ရေတွင် ရေဆင်းချိုးခဲ့ကြသည့် ဟိန္ဒူဘာသာဝင်များ

alt

အိန္ဒိယနိုင်ငံ ဟာရီဝါရှိ ထောင်နှင့်ချီသော ဟိန္ဒူဘာသာဝင်များသည် ရေခဲမတတ် အေးစက်နေသော ဂင်္ဂါမြစ်ထဲတွင် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းက ရေဆင်းချိုးခဲ့ကြသည်။ ၎င်းတို့သည် ဟိန္ဒူဘာသာရေး အထွတ်အမြတ် ပွဲတော်ကို ကြိုဆိုကာ ဘာသာရေး ယုံကြည်မှုအရ အပြစ်များကို ဂင်္ဂါမြစ်ရေဖြင့် ဆေးကြောကြခြင်းဖြစ်သည်။

သို့သော်လည်း ရက်ပေါင်း(၁၀၀)အတွင်း လူ(၁၀)သန်းခန့် လာရောက်ဖွယ်ရှိသည့် ယင်းဘာသာရေး ပွဲတော်သည် စိတ်မကောင်းစရာ အခြေအနေတစ်ခုနှင့် အစပြုခဲ့သည်။ ထိုနေ့က လူအများတိုးဝှေ့မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီး (၆)ဦးနှင့် ကလေးငယ် (၁)ဦးတို့ လူနင်းမိပြီး သေဆုံးကာ (၁၂)ဦး ဒဏ်ရာရခဲ့သည်။ ကာလက္ကတားတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တွင် လူပေါင်းများစွာတို့သည် ကျွန်းပေါ်ရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ သွားရောက်ရန် အလုအယက် လှေငှားကြရင်း ထိခိုက်မိခြင်းဟုဆိုသည်။

ထောင်နှင့်ချီသော ယောက်ျား၊ မိန်းမ၊ ကလေးငယ်များသည် ရေစီးနှုန်းမြန်ဆန်သော ဂင်္ဂါမြစ်ရေထဲသို့ ဆင်းသက်ကာ ဘာသာရေးအရ မြင့်မြတ်သော နေရာသို့ သွားရောက်ကြသည်။ မတော်တဆ ရေနစ်သေဆုံးမှုများ မဖြစ်ပေါ်စေရန် အိန္ဒိယ အာဏာပိုင်များက ဘုရားဖူးများအနေနှင့် သတ်မှတ်ထားသော နေရာများတွင်သာ ရေချိုးကြရန် နှိုးဆော်တိုက်တွန်းထားကြသည်။ မျက်မြင်များက ညအပူချိန် (၇)ဒီဂရီ စင်တီဂရိတ်ထိ ကျဆင်းနေသော်လည်း လူပေါင်းများစွာတို့သည် ဂင်္ဂါမြစ်တွင် ရေချိုးရန် မော်တော်ယာဉ်များ၊ ဘတ်စ်ကားများ၊ ရထားများအပြင် ထော်လာဂျီများဖြင့်ပါ အရောက်လာနေကြောင်း ပြောကြားခဲ့သည်။ ပွဲတော်သို့ (၅)ကြိမ်မြောက် ရောက်လာသည့် အသက်(၅၅)နှစ်အရွယ် ရှာရမ်လယ်က ဟိန္ဒူဘာသာဝင်များသည် ယခုပွဲတော်ချိန်တွင် ဂင်္ဂါမြစ်ရေကို ချိုးခြင်းဖြင့် ၀ိဉာဉ်ဓာတ်ကို သန့်ရှင်းစင်ကျယ်စေသည်ဟု ယုံကြည်ကြကြောင်း ပြောကြားသွားသည်။

အိန္ဒိယအစိုးရသည် ဟာရီဝါမြို့တွင် လူအုပ်အလွန် များပြားနေသဖြင့် ရဲထောင်ပေါင်းများစွာကို နေရာချထားပေးရသည်။ ရဲဌာနက ယခုကဲ့သို့ လူအမြောက်အမြား စုပြံုရောက်ရှိနေချိန်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း ၀န်ခံထားသည်။ သို့သော်လည်း သမိုင်းတလျှောက်တွင်မူ ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုး မဖြစ်ပေါ်ခဲ့ဖူးချေ။ ယခုနှစ်တွင်လည်း အကြမ်းဖက်မှုထက် အအေးပတ်ပြီး ဘုရားဖူးများ ကျန်းမာရေး ထိခိုက်မည်ကို ပိုမိုစိုးရိမ်မိကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ အာလော့ရှာမန်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here