ယီမင် နိုင်ငံတွင် အယ်ကိုင်ဒါ ခေါင်းဆောင်တဦး အသေ ဖမ်းဆီးရမိ

alt

ယီမင် စစ်တပ်သည် နိုင်ငံအတွင်းရှိ အယ်လ်ကိုင်ဒါ တပ်ဖွဲ့မှ ခေါင်းဆောင်တဦး အား သုတ်သင် နိုင်ခဲ့ကြောင်း အတည်ပြု ကြေညာ သွားခဲ့သည်။

ဇန်နဝါရီလ (၁၃)ရက် နေ့က ဖြစ်ပွားခဲ့သော အပြန်အလှန် ပစ်ခတ်မှု အတွင်း အဗ္ဗဒူလာ မာဒါး နှင့် အခြားစစ်သွေးကြွ တဦး သေဆုံးပြီး (၄)ဦးကို ဖမ်းမိခဲ့ကြောင်း ယီမင် အာဏာပိုင် များက ဆိုသည်။

စစ်တပ်သည် နိုင်ငံမြို့တော် ဆာနားမှ အရှေ့ဖက် (၃၇၅)မိုင်အကွာရှိ ရှာဘွားဒေသတွင် မာဒါးအား အသေ ဖမ်းမိခဲ့ခြင်းဟု သိရှိရသည်။ ရှာဘွာမြို့တော် အာတက် အနီး တောင်ကုန်းတခုတွင် မာဒါး ပုန်းအောင်းနေသော အိမ်တလုံးအား စစ်တပ်က ဝန်းရံပိတ်ဆို့ရာမှ အတွင်းရှိ စစ်သွေးကြွ (၂၀)ခန့်က တုန့်ပြန် ပစ်ခတ်ခဲ့ကြောင်း စစ်ဖက်က ပြောဆိုလိုက်သည်။

တိုက်ပွဲအတွင်း စစ်သားတဦး ကျဆုံးခဲ့သလို စစ်သွေးကြွ အချို့တို့လည်း ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိရသည်။ ရှာဘွာရှိ ဒေသခံများကမူ မာဒါးသည် အယ်ကိုင်ဒါ တပ်ဖွဲ့တွင် ခေါင်းဆောင်တဦး ဖြစ်သော်လည်း တက်ကြွစွာ လှုပ်ရှားနေသူ တဦးတော့ မဟုတ်ချေဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

ယီမင်ရှိ အယ်ကိုင်ဒါ အဖွဲ့သည် အမေရိကန် ခရီးသည်တင် လေယာဉ်တစင်းအား ဒီဇင်ဘာလ (၂၅)ရက် နေ့က ဒက်ထရွိုက် မြို့တော် ကောင်းကင်ယံတွင် အသေခံ ဖောက်ခွဲရန် အကြမ်းဖက်သမား တဦးအား စေလွှတ် လိုက်ပြီးနောက် အမေရိကန် အစိုးရ၏ အာရုံစိုက်မှုကို ခံလာရသည်။

အမေရိကန် အစိုးရသည် ယီမင် နိုင်ငံအတွင်း ပုန်းအောင်းနေသည့် အယ်ကိုင်ဒါ တပ်ဖွဲ့များအား နှိမ်နင်းရန် ယီမင် အစိုးရကို လက်နက်နှင့် နည်းပညာများ ကူညီထောက်ပံ့ သွားမည်ဟု ကတိပြု ထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here