စစ်မြေပြင်ရောက် စစ်သည်တို့၏ ဇနီးသည်များ စိတ် ကျန်းမာရေး ပြဿနာ ပိုမို ခံစားရတတ်

alt

စစ်မြေပြင်သို့ ရောက်ရှိနေသည့် စစ်သည် များ၏ ဇနီးမယား များသည် ခင်ပွန်းသည်နှင့် အတူ နေထိုင်ရသော ဇနီးသည် များထက် စိတ် ကျန်းမာရေး ပြဿနာများ

ပိုမိုပေါ်ပေါက် လာတတ်ကြောင်း သိရှိရသည်။

စစ်သည်တို့၏ ဇနီးသည်များ အကြား အကြီးမားဆုံး စိတ်ကျန်းမာရေး သုတေသန ရလဒ်များက အနည်းဆုံး (၁၁)လမျှ စစ်မြေပြင် ရောက်နေသည့် ခင်ပွန်းသည်နှင့် ခွဲခွာနေရသော အမျိုးသမီးများတွင် စိတ် ဝေဒနာ ဖြစ်ပေါ်နိုင်ခြေ သာမန်ထက် (၁၈) ရာခိုင်နှုန်း မြင့်မား လာသည်ကို ညွှန်ပြနေကြောင်း အမေရိကန် ဆရာဝန်များက ပြောကြားခဲ့သည်။

(၁၁)လထက် ပိုကြာမြင့်စွာ အာဖဂန်နစ္စတန်နှင့် အီရတ် စစ်မြေပြင်များသို့ ရောက်ရှိနေသော စစ်သည်များ၏ ဇနီးများတွင်မူ စိတ်ဝေဒနာ ဖြစ်နိုင်ခြေမှာ သာမန်ထက် (၂၄)ရာခိုင်နှုန်း အထက်ထိ မြင့်တက်သွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ (၁၄)ရက် နေ့ထုတ် နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသော စမ်းသပ်မှု ရလဒ်များသည် (၂၀၀၃) နှင့် (၂၀၀၆)ခုနှစ် များကြား အာဖဂန်နှင့် အီရတ်သို့ သွားရောက် စစ်မှုထမ်းခဲ့သည့် စစ်သည်များ၏ ဇနီးမယား (၂၅၀၀၀၀)ကျော်ကို လေ့လာမှုများ ပြုလုပ်ကာ စံနစ်တကျ ကောက်ချက် စွဲထားခြင်းဟု ဖော်ပြခဲ့သည်။ စိတ်ကျန်းမာရေး အခြေအနေ ဆိုးရွားသွားနိုင်မှုသည် စစ်သည်တဦး စစ်မြေပြင်သို့ ကာလကြာကြာ ရောက်လေလေ၊ ပိုမို ပြင်းထန်လေလေ ဖြစ်တတ်ပြီး မိသားစုဝင် များတွင်လည်း သက်ရောက်မှုရှိကြောင်း ယခု စစ်တမ်းကို လေ့လာ ထုတ်ပြန်ခဲ့သည့် RTI International အမည်ရှိ အကျိုးအမြတ်ကို ရှေ့ရှုခြင်းမရှိသည့် လူမှုရေး အဖွဲ့အစည်း တခုမှ ပညာရှင် အလီဆာမန်းစဖီးက ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသမီးများသည် အိမ်ထောင်ဖက်နှင့် ကာလရှည်ကြာ ခွဲခွာနေပါက စိတ်ပိုင်းဆိုင်ရာ ပြဿနာ ပိုမိုကြီးထွား လာတတ်ကြောင်း သူမက ရှင်းပြခဲ့သည်။ ဂျာနယ်အတွင်း ဖော်ပြထားမှု အရ ရှေ့တန်း စစ်မျက်နှာပြင်တွင် တပ်ဖြန့် စေလွှတ်ထားသည့် စစ်သားများ၏ ဇနီးသည်များတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက် လာတတ်ခြင်းမှာ သမားရိုးကျ အခြေအနေ တခုအသွင်ပင် ဆောင်လာကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here