ဟေတီနိုင်ငံတွင် ငလျင်ပြင်း လှုပ်ခတ်မှုအတွင်း ကုလသမဂ္ဂ ဝန်ထမ်းများ ပိတ်မိသေဆုံး

alt

ဇန်နဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းက ဟေတီနိုင်ငံ၊ ပို့တ်ဩပရင့် မြို့တော်တွင် လှုပ်ရှားသွားသော ငလျင်ကြီးအတွင်း ကုလသမဂ္ဂရုံးခွဲ အဆောက်အအုံ ပြိုကျခဲ့ရာ ဝန်ထမ်း(၁၅၀)ကျော် အပျက်အစီးများ အောက်တွင် ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဟေတီ အာဏာပိုင်များက ကုလသမဂ္ဂရုံးခွဲ အကြီးအကဲ အပါအဝင် အနည်းဆုံး ဝန်ထမ်း(၁၆)ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြားထားသည်။ ရစ်ချ်တာ စကေး (၇.၀) အထိ ပြင်းအားရှိသော ငလျင်ကြီးကြောင့် ဟေတီနိုင်ငံ သမိုင်းတလျှောက် ရာစုနှစ်(၂)ခုမျှအတွင်း အဆိုးရွားဆုံး ပျက်စီးမှု များကို ဖြစ်ပေါ်စေခဲ့သလို လူပေါင်းသိန်းနှင့်ချီ သေဆုံးနိုင်ကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့ များက ခန့်မှန်း ထားကြသည်။

ခရစ္စတိုဖာ ဟိုတယ် အဆောက်အအုံတွင် ရုံးစိုက်ထားသည့် ကုလသမဂ္ဂရုံးခွဲ အဆောက်အအုံ၏ အပျက် အစီးပုံ များကြားမှ ဝန်ထမ်း (၁၆)ဦး၏ အလောင်းများကို ကယ်ဆယ်ရေးများက ဆွဲထုတ်နိုင်ခဲ့ပြီး ဘရာဇီးလ်လူမျိုး (၁၃)ဦးနှင့် ဂျော်ဒန်နိုင်ငံသား (၃)ဦးတို့ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သို့သော်လည်း နောက်ထပ် အမြောက်အများမှာ အပျက်အစီးပုံ များအောက် သေလျက်ဖြစ်စေ၊ ရှင်လျက်ဖြစ်စေ ပိတ်မိနေဆဲဟု ကယ်ဆယ်ရေးများက ဆိုသည်။ အများစုမှာမူ မျှော်လင့်စရာ မရှိတော့ကြောင်း အပျက်အစီးထုက သက်သေခံနေသည်ဟု ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဝန်ထမ်းတဦး ဖြစ်သည့် အလိန်းလီရွိုင်းက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော် အခြေစိုက် ကုလသမဂ္ဂ ရုံးချုပ်မှ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက ထိုဖြစ်ရပ်သည် အဖွဲ့ကြီး ထူထောင်ခဲ့သော (၆၄)နှစ်တာ သမိုင်းတလျှောက် အဆိုးရွားဆုံး ကြေကွဲစရာ ထိခိုက် ဆုံးရှုံးမှုအဖြစ် ကြေညာခဲ့သည်။

ယခု ဖြစ်ရပ်ကြောင့် သေဆုံးသူ အရေအတွက်သည် (၁၉၆၁) ခုနှစ်က ကွန်ဂိုတွင် အသေခံ ဗုံးခွဲမှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ဂါနာစစ်သည် (၄၄)ဦး၊ အရာရှိနှင့် ဧည့်ပရိသတ် (၂၂)ဦးတို့ သေဆုံးခဲ့သည့် ကိစ္စထက် ပိုမို များပြားနိုင်ကြောင်း ကုလသမဂ္ဂမှ ကြေညာခဲ့သည်။ ယခုအချိန်သည် သူမတို့အတွက် အခက်ခဲဆုံး ရင်ဆိုင်ရသော ကာလဖြစ်ကြောင်း ကုလသမဂ္ဂ ကွင်းဆင်း Operator ဆူဆန်နာမာကော်ရာ က ပြောကြားခဲ့သည်။

သူမက မြို့တော်ကြီး၏ (၈၀) ရာခိုင်နှုန်းသည် လုံးဝ ပျက်စီးသွားကြောင်း ကုလသမဂ္ဂသို့ အစီရင်ခံ တင်ပြခဲ့သည်။ ဇန်နဝါရီလ (၁၃)ရက် နေ့က အမေရိကန် အစိုးရ၏ ဟေတီ ဆိုင်ရာ အထူး ကိုယ်စားလှယ်ဖြစ်သူ သမ္မတဟောင်း ဘီကလင်တန်သည် ကုလသမဂ္ဂ ရုံးချုပ်သို့ သွားရောက်ကာ မစ္စတာဘန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအား ဟေတီကို လူအား၊ ငွေအားဖြင့် တတ်စွမ်းသမျှ ကူညီသွားရန် တောင်းဆို တိုက်တွန်းခဲ့သည်။

ဟေတီရှိ ကုလသမဂ္ဂ ရုံးခွဲမှ ဖွံ့ဖြိုးရေးဌာန တာဝန်ရှိသူ ဟယ်လန်ကလက် က သူမ၏ ဝန်ထမ်း (၃၈)ဦးမှာ ပျောက်ဆုံးနေကြောင်း ပြောကြားသွားသည်။ ငလျင်ကြီး လှုပ်ခတ် စဉ်က ဝန်ထမ်း (၁၀)ဦးသည် ပင်မ အဆောက်အအုံကြီး အနီး အခြားသော အဆောက်အအုံ တခုတွင် ရှိနေကြောင်း၊ ထို အဆောက်အအုံက စပြီးပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ဟယ်လန်က ပြောကြားသွားသည်။ ဟေတီ ငလျင်ဒဏ်ခံ ဒေသသို့ အမေရိကန် စစ်တပ်က လေယာဉ်တင် သင်္ဘောတစင်းနှင့် အခြားသော စစ်သုံးယာဉ်များ ပေးပို့ထားသလို ကမ္ဘာ့နိုင်ငံ အတော်များများ ကလည်း ထောက်ပံ့မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here