လိင်တူခြင်း လက်ထပ် ထိမ်းမြားခွင့်ဥပဒေ ပေါ်တူဂီ လွှတ်တော်အတည်ပြု ပြဌာန်းလိုက်

alt

ပေါ်တူဂီ လွှတ်တော်သည် လိင် တူခြင်း လက်ထပ် ထိမ်းမြားခွင့် ဥပဒေအား အတည်ပြု ပြဌာန်း လိုက်ပြီ ဖြစ်သည်။ ဇန်နဝါရီလ (၈)ရက် နေ့က လွှတ်တော်သည်

နိုင်ငံအတွင်း လိင်တူချင်း ထိမ်းမြားခွင့်ကို တရားဝင် လုပ်ဆောင်ခွင့် ပေးကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း ထိုစုံတွဲများ အနေနှင့် ကလေးမွေးစားခွင့် မပြုရန် ဥပဒေကြောင်း အရ တားမြစ်ထားကြောင်း သိရှိရသည်။ လွှတ်တော်က Gay များတွင်လည်း ၎င်းတို့ ဆန္ဒအတိုင်း ထိမ်းမြား လက်ထပ်ရန် အခွင့်အရေး အပြည့်ရှိကြောင်း ဆိုသည်။

ထို ဥပဒေအား အတည်ပြု လိုက်ပြီးနောက် လက်ယာယိမ်း ပါတီများက အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး ဥပဒေအား ပယ်ချရန် နိုင်ငံသား (၉၀၀၀၀) ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် အစီရင်ခံ တစောင်ကို တင်သွင်းခဲ့သော်လည်း လွှတ်တော်က ပလပ် လိုက်သည်။

ဝန်ကြီးချုပ် ဂျို့စ် ဆိုကရေတက် က ယခု ဥပဒေသည် ယခင်က ပြဌာန်းထားသည့် ထိမ်းမြား လက်ထပ်ခွင့် ဥပဒေဟောင်းအား အနည်းငယ် ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။ လေ့လာသူ များက ပေါ်တူဂီ အစိုးရသည် မေလအတွင်း ပေါ်တူဂီသို့ အလည်အပတ် လာရောက်မည် ဖြစ်သော လိင်တူချင်း ထိမ်းမြားခွင့်ကို ဆန့်ကျင်သူ ပုပ်ရဟန်း မင်းကြီး၏ ခရီးစဉ် မတိုင်မီ ဥပဒေကို အတည်ပြု ပြဌာန်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

ပေါ်တူဂီ အစိုးရသည် လက်ထပ် ထိမ်းမြားခွင့် ဥပဒေကို ပြောင်းလဲ ပေးလိုက်သော်လည်း ကလေး မွေးစားခွင့်နှင့် ဆိုင်သော ဥပဒေကိုမူ ဆက်လက် တင်းကြပ်ထားဆဲ ဖြစ်သည်။ ပေါ်တူဂီနိုင်ငံသည် ဥရောပတွင် လိင်တူချင်း လက်ထပ်ခွင့် အတွက် အတည်ပြုပေးခဲ့သည့် ဆဌမမြောက် နိုင်ငံဖြစ်လာပြီး ယင်း မတိုင်မီက ဘယ်ဂျီယမ်၊ ဟော်လန်၊ စပိန်၊ ဆွီဒင်နှင့် နော်ဝေးတို့သည် ယင်းကိစ္စအား တရားဝင် ခွင့်ပြုထားပြီး ဖြစ်သည်။

ထိုသို့သော ဥပဒေ မပြဌာန်းထားသည့်တိုင် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ အပါအဝင် ဥရောပနိုင်ငံ အချို့တို့သည် လိင်တူချင်း ပေါ်ပေါ်ထင်ထင် တွဲနေခြင်းအား ခွင့်ပြုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here