လိင်တံထိပ်ဖျား ဖြတ်ခြင်းဖြင့် လိင်နှင့် ဆိုင်သော ရောဂါများ ကူးစက်မှု မဟန့်တားနိုင် ဟုဆို

alt

Circumcision ပြုလုပ်ခြင်းသည် လိင်နှင့် ဆိုင်သော ရောဂါများ ကူးစက်မှုကို ဟန့်တား နိုင်ခြင်း မရှိကြောင်း သုတေသီများက ပြောကြား ခဲ့ကြသည်။ ယခင်က အမျိုးသား၏ လိင်တံ ထိပ်ဖျား

အရေပြားကို လှီးဖြတ်သည့် Circumcision ပြုလုပ်မှုသည် HIV အပါအဝင် အမျိုးသားမှ အမျိုးသမီးသို့ ရောဂါပိုးများ ကူးစပ်မှုကို ကာကွယ် ဟန့်တားနိုင်မည်ဟု ယုံကြည် ခဲ့ကြသည်။

ထိုအရေပြားရှိ ဆဲလ်များသည် ရောဂါပိုးများ လွယ်ကူစွာ ခိုအောင်း နိုင်စွမ်းရှိနေသည်။ ထို အရေပြားအား ဖြတ်ထုတ်လိုက်ခြင်းသည် အမျိုးသား များထံမှ HIV ကူးစက်မှုကို (၅၀) ရာခိုင်နှုန်းမှ (၆၅) ရာခိုင်နှုန်း အထိ လျော့ကျ စေမည်ဟု မူလက ယုံကြည် ခဲ့ကြသော်လည်း Circumcision ကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေဆဲ ဖြစ်သည့် အာဖရိက နိုင်ငံများတွင် ရောဂါပိုး ကူးစက်မှုများ မြင့်မားနေဆဲ ဖြစ်သည်။

အထူးသဖြင့် ဆာဟာရ ဒေသပတ်ဝန်းကျင် ဒေသများရှိ HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှု အရေအတွက် တိုးပွားနေခြင်း၏ အဓိက အကြောင်းရင်းမှာ လိင် ဆက်ဆံမှုကြောင့်ဟု ဆိုသည်။ ထို့ကြောင့် Circumcision ပြုလုပ်ခြင်းသည် အမျိုးသားထံမှ ရောဂါပိုးများ အမျိုးသမီးထံ မကူးစက်အောင် တားဆီးနိုင်သည် ဆိုသော အချက်မှာ ယုံကြည်ရသော အခြေအနေတွင်သာ ရှိပြီး တိတိကျကျ မှန်ကန်ကြောင်း သက်သေမပြနိုင်ဟု သိရသည်။ ယူဂန္ဓာတွင် ပြုလုပ်သော လေ့လာမှု တခုအရ အမျိုးသားများ Circumcision ပြုလုပ်ခြင်းဖြင့် လိင် ဆက်ဆံဖက် အမျိုးသမီးအတွက် အကာအကွယ် မဖြစ်နိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ကြသည်။

ယင်း သုတေသန လုပ်ငန်းကို ဘာတီမိုးရှိ ဂျွန်ဟော့ကင်း ဘလွမ်းဘတ် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ဒေါက်တာမာရီယာဂျေ ဝေါဝါက ဦးဆောင်ခဲ့သည်။ လေ့လာမှုများ အတွက် အသက်(၁၅)နှစ်မှ (၄၉)နှစ်ကြား HIV ပိုးရှိသူ Circumcision မပြုလုပ်ရသေးသူ အမျိုးသား (၉၂၂)ဦးနှင့် HIV ပိုးမရှိကြောင်း သေချာသည့် ၎င်းတို့၏ အမျိုးသမီး လက်တွဲဖော်များ ပါဝင်ခဲ့ကြသည်။ အမျိုးသားများတွင် အချို့ကို Circumcision ပြုလုပ်ပေးလိုက်ပြီး အချို့ကိုမူ မပြုလုပ် ပေးခဲ့ချေ။

(၂)နှစ် ကြာမြင့်သည့်အခါ Circumcision ပြုလုပ်ထားသည့် အမျိုးသားများနှင့် ဆက်ဆံသည့် အမျိုးသမီးများ အနက် (၁၈) ရာခိုင်နှုန်းမှာ HIV ပိုး ကူးစက်ခံနေရပြီး မပြုလုပ်ထားသူ များနှင့် ဆက်ဆံခဲ့သူ အမျိုးသမီး (၁၂) ရာခိုင်နှုန်းလည်း ရောဂါပိုး ကူးစက်ခဲ့သည်ကို ဖော်ထုတ် တွေ့ရှိခဲ့ရသည်။ ယင်းတို့သည် (၆)လမှ (၂)နှစ်တာ ကာလအတွင်း ရောဂါပိုး ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။ (၂)နှစ်ကျော် သွားသည့် အချိန်တွင်မူ Circumcision ပြုလုပ်ထားသူ အမျိုးသားများနှင့် အတူနေခဲ့သည့် အမျိုးသမီးများ ရောဂါပိုး ကူးစက်ခံသည့် အရေအတွက်မှာ (၂၂)ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး Circumcision မပြုလုပ်ထားသူများနှင့် တွဲခဲ့သည့် အမျိုးသမီးများ အနက် (၁၃)ရာခိုင်နှုန်း အထိ ရောဂါ ကူးစက်ခံရသည်။ ထိုအခြေအနေအရ Circumcision ပြုလုပ်ထားခြင်းသည် HIV ပိုး ပိုမိုကူးစက်နေသည့် ပုံစံမျိုးပင် ဖြစ်နေသည်။

သို့သော်လည်း ထိုသို့ဖြစ်ရခြင်းမှာ Circumcision ပြုလုပ်ထားသူ အမျိုးသားအချို့သည် အနာ မကျက်ခင် လိင် ဆက်ဆံကြသဖြင့် အမျိုးသမီး၏ ယောနိမှ သွေးချင်းပေါင်းစပ်ပြီး ရောဂါကူးစက်မှု အရေအတွက် ပိုများသွားခြင်းဟု ရှင်းပြခဲ့သည်။ သုတေသီများက သုတေသန ရလဒ်များအရ Circumcision ပြုလုပ်ခြင်းသည် အမျိုးသမီးထံမှ ရောဂါပိုး အမျိုးသားထံ ကူးစက်မှုကို ကာကွယ် လျှော့ချပေးနိုင်ကြောင်း အတည်ပြုနိုင်သော်လည်း အမျိုးသားမှ အမျိုးသမီးသို့ ကူးစက်မှုကို ကာကွယ်နိုင်မည် ဟူသော ယူဆချက်မှာ လက်တွေ့ သက်သေမပြနိုင်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here