အမေရိကန် ဆယ်ကျော်သက်တို့ အကြားတွင် လိင်မှုကိစ္စ ပြဿနာ ပိုမိုများပြားလာ

alt

အမေရိကန် ဆယ်ကျော်သက် လူငယ်ထုတွင် ကိုယ်ဝန်ရှိခြင်း၊ လိင်နှင့် ဆက်စပ်သည့် ရောဂါများ ကူးစက်ခြင်း တို့သည် ယခင်ကထက် ပိုမိုထူထပ် များပြားလာကြောင်း သိရှိရသည်။

(၂၀၀၆) နှင့် (၂၀၀၇)ခုနှစ် များမှစကာ ဆယ်ကျော်သက် အရွယ်ဖြင့် လိင် ဆက်ဆံခြင်း၊ ကလေးမွေးခြင်း စသည်တို့သည် အရေအတွက် မြင့်တက် လာခဲ့သည်။

စစ်တမ်းများ အရ အသက်(၂၀)အောက် ကိုယ်ဝန်ဆောင် အရေအတွက် သည် (၂၀၀၄)ခုနှစ် ကတည်းက တသန်း၏ လေးပုံသုံးပုံ ပမာဏထိ ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အမေရိကန် လူငယ်ထုအတွင်း လိင်နှင့် ဆက်စပ်နေသည့် ကူးစက် ရောဂါများ ပြဿနာသည်လည်း ပိုမို ကြီးထွားလာဆဲ ဖြစ်သည်။

ထိုသို့သော ရောဂါများ ဖြစ်ပွားသည့် အသက်(၁၅)နှစ်မှ (၁၉)နှစ်ကြား ယောကျ်ားလေး အရေအတွက်သည် ဆယ်စုနှစ် တခုအတွင်း နှစ်ဆမြင့်တက် လာသည်။ အမေရိကန် ရောဂါကူးစက်မှု ထိန်းချုပ်ရေးဌာန (CDC) က စိုးရိမ်စရာ ကောင်းသော အခြေအနေအား ထုတ်ပြန်ကြေညာ လိုက်သလို ဆယ်ကျော်သက် လူငယ်များအတွက် ပိုမိုထိရောက် ကောင်းမွန်သည့် လိင်မှုပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။

CDC က အသက် (၁၈)နှစ်အောက် အမျိုးသား (၃၅)ရာခိုင်နှုန်းနှင့် အမျိုးသမီး (၄၉.၈) ရာခိုင်နှုန်းသာ သန္ဓေတားမှု နည်းစံနစ်များအား မှန်ကန်တိကျစွာ ဆွေးနွေးလေ့ ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် အသက် (၁၅)နှစ်မှ (၁၇)နှစ်ကြား ယောက်ျားလေးဦးရေ စုစုပေါင်း၏ (၃၂) ရာခိုင်နှုန်းနှင့် မိန်းကလေး ဦးရေ (၃၀) ရာခိုင်နှုန်းမှာ လိင်ဆက်ဆံမှု အတွေ့အကြံု ရှိနေခဲ့ပြီး ဖြစ်ကြောင်း CDC က ဆိုသည်။

အသက်(၁၈)နှစ်မှ (၁၉)နှစ်ကြား အရွယ်တွင်မူ မိန်းကလေးဦးရေ (၇၁) ရာခိုင်နှုန်းနှင့် ယောက်ျားလေး (၃၅)ရာခိုင်နှုန်း တို့မှာ လိင် ဆက်ဆံခဲ့ဖူးပြီး ဖြစ်နေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ CDC သည် AIDS ရောဂါ ကူးစက်သည့် အသက်(၁၅)နှစ်နှင့် (၁၉)နှစ်ကြား အရေအတွက်သည် ယခင်က လူ(၁၀၀၀၀၀)တွင် (၁.၃)ဦးစာသာ ရှိခဲ့သော်လည်း (၂၀၀၄)ခုနှစ် မှစကာ (၂.၂)နှင့် အထက်ထိ တက်လာခြင်းအား စိုးရိမ်ကြောင်း ကြေညာထားသည်။

CDC က အမေရိကန် လူငယ်ထုအတွင်း လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အကြောင်းအရာ များအတွက် ပညာပေး တင်ပြမှုများသည် စိုးရိမ်စရာ ကောင်းလောက်အောင် အားနည်းနေဆဲ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်ဝန်ဆောင်မှု ပြဿနာများအား တားဆီးနိုင်ရေး ကြိုးပမ်းရန် လိုအပ်နေဆဲ ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here