အလ္လာဟူသည့် အသုံးအနှုန်းကို သုံးခွင့်ပေးပြီးနောက် မလေးရှား ခရစ်ယာန် ဘုရားကျောင်းများ တိုက်ခိုက်ခံလာရ

alt

အလ္လာ ဟူသော အသုံးအနှုန်းကို အစ္စလာမ် ဘာသာဝင် မဟုတ်သူ များပါ သုံးစွဲ ခွင့်ပြုရန် မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်ပြီး နောက် နိုင်ငံအတွင်းရှိ ခရစ်ယာန် Church များတွင် တိုက်ခိုက် ခံရမှုများ ပေါ်ပေါက် လာခဲ့သည်။

မလေးရှား နိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များ အနေနှင့် အလ္လာ ဟူသော အသုံးအနှုန်းကို လွတ်လပ် စွာ သုံးစွဲနိုင်ကြောင်း တရားရုံးက ပြီးခဲ့သည့် သီတင်း (၂)ပါတ်ခန့်က အတည်ပြုခဲ့ပြီးနောက် ဇန်နဝါရီလ (၈)ရက် နေ့မှ (၁၀)ရက်နေ့ အတွင်း မလေးရှားရှိ Church ပေါင်း (၇)ခုထက် မနည်းမှာ တိုက်ခိုက် ဖျက်ဆီးမှုများ ခံခဲ့ရသည်။

အလ္လာ ပြဿနာသည် နိုင်ငံအတွင်း မွတ်ဆလင် လူများစုနှင့် ခရစ်ယာန် လူနည်းစုတို့ အကြား တင်းမာမှုများ ဖြစ်ပေါ် လာစေခဲ့သည်။ မလေးရှား အစိုးရသည် လွန်ခဲ့သော (၃)နှစ်အတွင်း ထိုစကားလုံးအား မွတ်ဆလင်များမှ လွဲပြီး အခြား ဘာသာဝင်များ မသုံးစွဲရန် တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး ဖြစ်သည်။

ဒီဇင်ဘာ (၃၁)ရက်နေ့ တရားရုံး ဆုံးဖြတ်ချက်သည် မွတ်ဆလင် ဘာသာအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာကြောင်း မလေးရှား မွတ်ဆလင်များက စိုးရိမ်နေကြသည်။ ထိုနေ့ညတွင်ပင် မလေးရှားရှိ (၃)ထပ် Church တခုမှာ မီးရှို့ခံခဲ့ရသည်။ ထိုဖြစ်စဉ် အတွင်း ဒဏ်ရာရမှု မရှိခဲ့ချေ။ ကွာလာလမ်ပူ ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ဆက်တူ အော့စမန်က AP သတင်းဌာနအား လူ(၄)ဦး တို့သည် မော်တော်ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး Church ပြူတင်းပေါက်ထဲသို့ မီးလောင်ဗုံးဟု ယူဆရသည့် အရာများ ပစ်သွင်းခဲ့သည်ကို မျက်မြင် တွေ့ရှိခဲ့သူများ ရှိနေကြောင်း ပြောကြားသွားခဲ့သည်။

ထို့အပြင် မိုလိုတော့ဟုခေါ်သည့် လက်လုပ် ပုလင်းဗုံးများ အပါအဝင် အခြားသော နည်းအမျိုးမျိူးဖြင့် အခြားသော Church များကို တိုက်ခိုက်ခဲ့မှုများ လည်းရှိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ မလေးရှား အစိုးရသည် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

မလေးရှားနိုင်ငံ လူဦးရေ (၂၈)သန်း အနက် (၆၀) ရာခိုင်နှုန်းမှာ မွတ်ဆလင် များဖြစ်ပြီး ခရစ်ယာန်၊ ဟိန္ဒူနှင့် အခြားဘာသာ ကိုးကွယ်မှု များလည်း ရှိကြသည်။ အလ္လာ စကားလုံး သုံးစွဲမှုအား လူတိုင်းအတွက် လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပါတ် အတွင်းက မလေးရှား တရားရေးဌာန၏ ဝဘ်ဆိုဒ်မှာလည်း Hack ခံလိုက်ရကြောင်း သိရှိရသည်။

Brainwash ဟု အမည်ဝှက် ခံယူထားသော Hacker သည် ဝဘ်ဆိုဒ်၏ လုံခြံုရေးစံနစ်ကို ထိုးဖောက်ကာ Mess with the best, die like the rest နှင့် Allah only restricted to Muslim only ဟူသည့် စာတန်းနှစ်ခုကို Banner တွင် ရေးထိုးသွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here