လုံခြုံရေုးဆိုင်ရာမူဝါဒများ အဆင့်မြှင့်တင်ရန် အိုဘားမား တိုက်တွန်း

alt

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက တိုင်းပြည်၏ လုံခြံုရေးဆိုင်ရာ မူဝါဒများအား အဆင့်မြှင့်တင်မှု ပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ ခရစ္စမတ်နေ့က အမေရိကန် လေကြောင်းပိုင် လေယာဉ်တစ်စင်းအား ဗုံးခွဲရန် ကြိုးစားသည့်

နိုက်ဂျီးရီးယား အကြမ်းဖက်သမား၏ လုပ်ရပ်အား ကြိုတင်မသိရှိ မတားဆီးနိုင်ခဲ့ခြင်းက တိုင်းပြည်၏ လုံခြံုရေးကဏ္ဍအား အကြမ်းဖက်မှုက ခြိမ်းခြောက်နေခြင်းအား ညွှန်ပြနေကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ ၎င်းက ထောက်လှမ်းရေး အဖွဲ့အစည်းများအား ထိုကိစ္စအတွက် အပြစ်တင်ထားသလို လုံခြံုရေး မူဝါဒများကိုလည်း ပြန်လည်ဆန်းစစ် သုံးသပ်သင့်ကြောင်း ထောက်ပြထားသည်။ သမ္မတကြီးက အမိမြေ လုံခြံုရေးဌာနအား ဒေါ်လာ(၁)ဘီလျံ တန်ဖိုးရှိ ခေတ်မီနည်းပညာသုံး ထောက်လှမ်းရေး ပစ္စည်းများ ဖြည့်တင်းမှုကို အမြန်ဆုံး ပြုလုပ်ရန် တိုက်ရိုက်ညွှန်ကြားထားသည်။ ထိုနည်းစနစ်များတွင် လေဆိပ်များအတွင်း ခရီးသည်များအား တစ်ကိုယ်လုံး Scanဖတ် စစ်ဆေးသည့် နည်းပညာမျိုးများလည်း ပါ၀င်သည်။

မိမိတို့သည် စစ်ပွဲတစ်ခုကို နွှဲနေရခြင်းဖြစ်ကြောင်း အိုဘားမားကဆိုသည်။ ယခုအခါ အမေရိကန်အား မုန်းတီးနေသည့် အကြမ်းဖက် တပ်ဖွဲ့များစာရင်းတွင် ယီမင်နိုင်ငံအခြေစိုက် ကွေဒါတပ်ဖွဲ့များပါ ပါ၀င်လာခဲ့သည်။ အမေရိကန် အစိုးရ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ အကြီးအကဲ ဂျွန်အိုဘရန်နာက အကြမ်းဖက်သမားများသည် အမေရိကန်သို့ သီးခြားတိုက်စစ်ဆင်မှု မည်၍မည်မျှကို မည်သည့်အချိန် ပြုလုပ်မည်ကို ကြိုတင်မသိနိုင်သေးကြောင်း ၀န်ခံခဲ့သည်။ သမ္မတ အိုဘားမားက အမေရိကန်ကို ကာကွယ်ရန် ကြိုးပမ်းနေခြင်းသည် မည်သည့်အခါမျှ မပြီးဆုံးနိုင်သော ပြိုင်ပွဲတစ်ခုပင်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

အိုဘားမားသည် ထောက်လှမ်းရေး တပ်ဖွဲ့များအား ဒက်ထရွိုက်မြို့၊ Deltaလေကြောင်းလိုင်းပေါ်တွင် ဖြစ်ပွားခဲ့သည့် မအောင်မြင်သော ဗုံးခွဲရန် ကြံစည်မှုအတွက် အသေးစိတ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။ ယင်းဗုံးခွဲမှုအတွက် ကြိုးပမ်းခဲ့သော အသက်(၂၃)နှစ်ရှိ အူမာဖာရွတ် အက်ဘဒူမူတာလက်သည် လူသတ်ရန် ကြံစည်မှု၊ အစုလိုက်အပြံုလိုက် သေစေမည့် လက်နက်ကို အသုံးပြုရန် ကြိုးပမ်းမှု အပါအဝင် အခြားစွဲချက် အတော်များများနှင့် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here