တိုဂိုလက်ရွေးစင်ဘောလုံးအသင်း ချုံခိုတိုက်ခိုက်ခံရ

alt

အာဖရိကဖလား ဘောလုံးပြိုင်ပွဲကြီး ယှဉ်ပြိုင်ကစားရန် အန်ဂိုလာနိုင်ငံသို့ ရောက်ရှိနေသည့် တိုဂိုအမျိုးသား လက်ရွေးစင် ဘောလုံးအသင်းအား အကြမ်းဖက်သမားများက ချံုခိုတိုက်ခိုက်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၈)ရက်နေ့က ကာဘင်ဒါဒေသသို့ ဖြတ်သန်းဝင်ရောက်နေစဉ် တိုဂိုအသင်း စီးနင်းလိုက်ပါလာသော ဘတ်စ်ကားအား ချံုခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသေဆုံးကာ ဒဏ်ရာရသူများအနက် ကစားသမားနှစ်ဦး ပါ၀င်ကြောင်း တိုဂိုအသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုဒေသသည် ခွဲထွက်ရေးပြောက်ကျားများ နှစ်ပေါင်း(၃၀)မျှ ခိုအောင်းနေခဲ့သည့် နေရာလည်းဖြစ်သည်။ တိုဂိုအသင်း တာဝန်ခံ ၀င်နီဒေါ့ဘက်ဆီက မိနစ်ပေါင်း အတန်ကြာ သေနတ်ပစ်သံများ ကြားနေခဲ့ရပြီး အားလုံးဝပ်နေရကြောင်း ပြောကြားသွားသည်။ အန်ဂိုလာအစိုးရအဖွဲ့ ၀န်ကြီးတစ်ဦးကမူ ယခုလုပ်ရပ်သည် အကြမ်းဖက်မှု သက်သက်သာဖြစ်ကြောင်း ရှုတ်ချပြစ်တင်လိုက်သည်။

ဒေါ့ဘက်ဆီက အခင်းဖြစ်ပွားရာနေရာသို့ ရဲများရောက်ရှိလာပြီးနောက် ပစ်ခတ်သူများအား ရှာဖွေခဲ့ကြောင်းနှင့် လူ(၉)ဦးကို ဆေးရုံတင်ပို့လိုက်ကြောင်း ပြောဆိုခဲ့သည်။ ထိုတိုက်ခိုက်မှုသည် မိမိတို့လက်ချက်ဖြစ်ကြောင်း ခွဲထွက်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ကြေညာခဲ့သည်။ တိုက်ခိုက်မှုသည် (၂၀၁၀)ခုနှစ်၊ အာဖရိကဖလား မတိုင်မီ (၂)ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း အိမ်ရှင်ဖြစ်သည့် အန်ဂိုလာအစိုးရ တာဝန်ရှိသူများက ပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမည်ဟု အတည်ပြုထားသည်။ တိုဂိုအသင်းကမူ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ပြိုင်ပွဲမှ နှုတ်ထွက်ရန် စဉ်းစားနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here