အာဖဂန်ရောက် CIA အရာရှိများ သေဆုံးခဲ့သည့် ဗုံးခွဲမှု တာလီဘန် လက်ချက်ဟု ကြေညာ

alt

အာဖဂန်နစ္စတန် စစ်အခြေစိုက် စခန်း အတွင်း အယောင်ဆောင် ၀င်ရောက် ကာ အသေခံ ဗုံးခွဲခဲ့သူ တဦးကြောင့် အမှုထမ်းများ သေဆုံးသွားသည့် CIA ထောက်လှမ်းရေး အဖွဲ့ထံသို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမား က 

မိမိ အနေဖြင့် စာနာကြောင်း စာတစောင် ရေးသား ပေးပို့ ခဲ့သည်။

ဒီဇင်ဘာ (၃၀)ရက်နေ့ ဗုံးခွဲမှုကြောင့် ခို့ခရိုင် စစ်စခန်းမှ CIA အရာရှိ (၇)ဦး သေဆုံးသွားပြီး ယင်းသည် သမိုင်းတလျှောက် (၁၉၈၃) ခုနှစ် နောက်ပိုင်း အဖွဲ့ အတွက် အဆိုးရွားဆုံး ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

တာလီဘန် တပ်ဖွဲ့က ယင်းတို့၏ အဖွဲ့သားတဦးသည် အာဖဂန်စစ်တပ် ယူနီဖောင်းကို ၀တ်ဆင်ကာ ဖောက်ခွဲရေး ပစ္စည်းများကို ဖုံးကွယ်ရင်း အယောင်ဆောင် ၀င်ရောက်နိုင်ခဲ့ကြောင်း ကြေညာသွားသည်။ သမ္မတကြီးက CIA အဖွဲ့၏ အကြီးအကဲထံ လိပ်မူပြီး ယခု ဆုံးရှုံးမှုအတွက် အလွန်ကြေကွဲ ၀မ်းနည်းကြောင်း စာတစောင် ရေးသား ပေးပို့ခဲ့သည်။

ဗုံးခွဲမှု ဖြစ်ပေါ်ခဲ့ ပြီးနောက် အာဖဂန်ရှိ အမေရိကန် စစ်စခန်းများ၏ လုံခြံုရေး ကဏ္ဍအတွက် ထောက်ပြမေးခွန်း ထုတ်စရာများ ပေါ်ပေါက်လာခဲ့သည်။ အမည်ဖော်ပြခြင်း မရှိသော အရာရှိတဦးက အသေခံ ဗုံးသမားသည် သတင်းပေး တယောက်အသွင် ဟန်ဆောင်ကာ လုံခြံုရေးဂိတ်ကို ခပ်တည်တည် ဖြတ်သန်း ၀င်ရောက်လာပြီး ၎င်းသည် အစစ်ဆေး၊ အမေးအမြန်းပင် မခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

CIA ဒါရိုက်တာ လီယွန်ပါနက်တာက တိုက်ခိုက်မှုအတွင်း နောက်ထပ်အရာရှိ (၇)ဦးလည်း ဒဏ်ရာများ ရရှိသွားကြောင်း ပြောကြားခဲ့ပြီး အာဖဂန်တွင် လုံခြံုရေး အခြေအနေသည် အလွန်စိုးရိမ်ရကြောင်း ၀န်ခံပြောဆို သွားခဲ့သည်။ အာဖဂန်နစ္စတန်တွင် အမေရိကန် ထောက်လှမ်းရေးဌာန CIA မှ အရာရှိ(၇)ဦး သေဆုံးခဲ့သည့် အသေခံဗုံးခွဲမှုမှာ မိမိတို့၏ လက်ချက်ဖြစ်ကြောင်း တာလီဘန် တို့က ကြေညာခဲ့သည်။

ဒီဇင်ဘာ (၃၀)ရက်နေ့ ညနေပိုင်းက ခို့ခရိုင်ရှိ Chapman ရှေ့တန်းကွပ်ကဲရေး စခန်းသို့ အသေခံ ဗုံးသမားတဦး ၀င်ရောက် တိုက်ခိုက်ရာမှ ယခုလို သေဆုံးကြခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်သည် (၂၀၀၁)ခုနှစ်၊ အာဖဂန်စစ်ပွဲကို ဆင်နွှဲပြီး နောက်ပိုင်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့၏ စံချိန်တင် အသေအပျောက် ပမာဏဖြစ်သည်။ ထို့အပြင် ထိုနေ့က ကန်ဒါဟာရှိ လမ်းဘေးဗုံး တလုံး ပေါက်ကွဲရာမှ ကနေဒါစစ်သား (၄)ဦးနှင့် သတင်းထောက်(၁)ဦး သေဆုံးခဲ့ရ သေးသည်။ ထိုဖြစ်ရပ်သည်လည်း ကနေဒါ စစ်တပ်အတွက် (၂)နှစ်အတွင်း အဆိုးရွားဆုံး သေကြေ ထိခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

တာလီဘန် တို့က Chapman စစ်အခြေစိုက် စခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွသည် အာဖဂန် စစ်တပ်မှ စစ်သားတဦး အသွင် ယူနီဖောင်း ၀တ်ဆင်ပြီး ခပ်တည်တည် ၀င်သွားခြင်း ဖြစ်ကြောင်း၊ ထို့နောက် သတ်မှတ်ထားသည့် အတိုင်း အားကစား ခန်းမထဲတွင် ခလုတ်နှိပ်ပြီး ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အီယန်ကယ်လီက CIA အရာရှိများ သေဆုံးခြင်းကြောင့် ၀မ်းနည်းကြောင်းနှင့် နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။

ယခု ဖြစ်ရပ်ကြောင့် အာဖဂန်ရှိ တပ်စခန်းများ၏ လုံခြံုရေး စီစစ်မှုနှင့် ပတ်သက်ပြီး ပြဿနာများ ပိုမိုကြီးထွား လာခဲ့သည်။ ခို့ခရိုင်သည် ယခုအချိန်ထိ တာလီဘန်တို့၏ ဩဇာ သက်ရောက်မှု အရှိဆုံး နေရာတခုဖြစ်ပြီး ယမန်နှစ်များ အတွင်းကလည်း စစ်သွေးကြွ တို့၏ ဦးတည် တိုက်ခိုက်မှုများ မကြာခဏ ပေါ်ပေါက်ခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here