အမျိုးသမီး ခုနှစ်ဦးအဖွဲ့ တောင်ဝင်ရိုးစွန်းသို့ ပထမဆုံး အကြိမ်ရောက်ရှိ စံချိန်တင်

alt

တောင်ဝင်ရိုးစွန်းသို့ အမျိုးသမီး (၇)ဦးသည် သမိုင်းတလျှောက် ပထမဆုံး အကြိမ် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ ဒီဇင်ဘာ (၃၀)ရက် နေ့က ယင်း အမျိုးသမီး များသည် (၃၈)ရက် တိုင်တိုင် ခရီးစဉ်၏ ပန်းတိုင်အဖြစ်

ကမာ္ဘ့ အအေးဆုံး လူသူ အရောက်အပေါက် မရှိရာ ဒေသသို့ ရောက်ရှိ သွားကြသည်။

(၅၆၂)မိုင် ခရီးအား နှင်းလျှောစီး ယာဉ်များဖြင့် ဖြတ်သန်းခဲ့သော သူမတို့ (၇)ဦးသည် တောင်ဝင်ရိုးစွန်းသို့ ပထမဆုံး ရောက်ဖူးသည့် အမျိုးသမီးများ အဖြစ်လည်း စံချိန်တင် သွားခဲ့ပြီ ဖြစ်သည်။ တောင်ဝင်ရိုးစွန်းသို့ ရောက်ရှိနေသည့် အဖွဲ့က ခေါင်းဆောင် ဖီလစ်ဆီတီအက်စတန် က ယခု လုပ်ဆောင်မှု အတွက် အလွန် ဂုဏ်ယူမိကြောင်း၊ မိမိတို့သည် အလွန်ခက်ခဲသော အခြေအနေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆက်သွယ် ပြောကြားခဲ့သည်။

သူမတို့သည် တနေ့လျှင် (၆)နာရီမှ (၁၀)နာရီထိ ခရီးပြင်းကိုနှင်ကာ ဓနဿဟာယ နိုင်ငံများအဖွဲ့ နှစ်(၆၀)ပြည့် အခမ်းအနားအား ဂုဏ်ပြုသည့် အနေနှင့် တောင်ဝင်ရိုးစွန်းသို့ အရောက်လှမ်းခဲ့သည်။ အမျိုးသမီးများ အားလုံး ထိုအဖွဲ့ဝင် နိုင်ငံများမှဖြစ်ပြီး တနေ့လျှင် ပျမ်းမျှ(၁၅)မိုင်မျှ ခရီးပေါက်ရန် ဇွဲကောင်းကောင်းဖြင့် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

သူမ တို့သည် အမေရိကန် အစိုးရပိုင် တောင်ဝင်ရိုးစွန်း သုတေသနစခန်း အမန်ဆန်စကော့ အထိရောက်အောင် သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံများမှ အမျိုးသမီးများသည် ဘရူနိုင်း၊ ဆိုက်ပရပ်၊ ဂါနာ၊ နယူးဇီလန်၊ စင်္ကာပူနှင့် ဗြိတိန်တို့မှ ဖြစ်ကြသည်။ ကနဦး ဖွဲ့စည်းစဉ်က အဖွဲ့ဝင်(၈)ယောက် ဖြစ်သော်လည်း ဂျမေကာနိုင်ငံ၊ ကင်စတန်မှ ကင်မာရီယာစပန်ဆာ က နိုဝင်ဘာ (၂၃)ရက်နေ့ ခရီးစဉ် မစတင်မီ ကျန်းမာရေး ပြဿနာကြောင့် နှုတ်ထွက် ခဲ့ရသည်။

အမျိုးသမီးများသည် အနုတ်(၄၂)ဒီဂရီ ဖာရင်ဟိုက်သာ အပူချိန်ရှိသည့် ခရီးကြမ်းတွင် ရှေ့သို့လုံးဝ မမြင်နိုင်တော့အောင် သိပ်သည်း ထူထဲစွာ တိုက်ခတ်နေသည့် နှင်းမုန်တိုင်း များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ သူမတို့အနေနှင့် အိမ်ပြန်ရောက်ချိန်တွင် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် ရေချိုးခွင့် ရရှိတော့မည် ဟုလည်း သတင်းများက ဖော်ပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here