ဗြိတိန် ရဲတပ်ဖွဲ့သို့ ခေါ်ဆိုသည့် အရေးမပါသည့် ဖုန်းမှတ်တမ်းများ ထုတ်ဖော်ပြသ

alt

ဗြိတိန် ရဲတပ်ဖွဲ့သည် အရေးပေါ် ဖုန်းနံပါတ် (999) သို့ ဖုန်းဆက်ကာ သူမ၏ ကြောင် ဆူညံနေမှုကို တိုင်ကြားခဲ့သည့် အင်္ဂလိပ် အမျိုးသမီး တဦး၏ ဖုန်း မှတ်တမ်း အသံသွင်း တိပ်ကို ထုတ်ဖော် ပြသလိုက်သည်။

ဂရိတ်တာ မန်ချက်စတာ ရဲတပ်ဖွဲ့က ယခု ဖုန်းခေါ်မှုသည် ခရစ္စမတ်နေ့နှင့် Boxing Day တွင် ၎င်းတို့ကြံုခဲ့ရသည့် အရေးမပါသော ကိစ္စများအတွက် 999 သို့ တိုင်ကြားခဲ့မှုပေါင်း (၁၃၇၇)ခု အနက် တခုသာ ရှိသေးကြောင်း ပြောကြား ခဲ့သည်။

ထို အမျိုးသမီးသည် သူမ၏ ကြောင်မှာ အဆော့လွန်ပြီး ကျယ်လောင်စွာ အော်နေခြင်းကို ရေးကြီးခွင်ကျယ် တိုင်ကြားခဲ့ သကဲ့သို့ အခြားသော အမှန်တကယ် အရေးမကြီးသည့် တိုင်ကြားမှု အမြောက်အမြား ရှိနေသေးကြောင်းလည်း ဂရိတ်တာ မန်ချက်စတာ ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ရဲတပ်ဖွဲ့က အမျိုးသမီးအား ယခု ကိစ္စသည် အရေးပေါ် အခြေအနေ တရပ် မဟုတ်ကြောင်း ရှင်းပြခဲ့ရာ သူမက အချိန်သည် နံနက် (၂)နာရီပင် ထိုးလုပင် ဖြစ်နေသဖြင့် ထိုကြောင် အော်နေခြင်းမှာ သူမအတွက် အရေးပေါ် ပြဿနာ တခုဖြစ်ကြောင်းပင် ပြန်လည် ရန်တွေ့ သွားသေးသည်။

ဂရိတ်တာ မန်ချက်စတာ ရဲတပ်ဖွဲ့က လာမည့် နှစ်သစ်ကူး ကာလတွင် အလားတူ လုပ်ရပ်မျိုး မပြုလုပ်ကြရန် ပြည်သူများအား ပန်ကြားခဲ့ပြီး ဂရိတ်တာ မန်ချက်စတာ ရဲတပ်ဖွဲ့မှ အထူးစုံထောက် ကာရန်လီး က အရေးမပါသော ကိစ္စတခု အတွက် ရဲတပ်ဖွဲ့က ဖြေရှင်း ပေးနေရချိန်တွင် အခြားတဖက်၌ အမှန်တကယ် အရေးပေါ် အကူအညီ လိုအပ်နေသူများအတွက် နှောင့်နှေးမှုများ ဖြစ်စေနိုင်ကြောင်း၊ အချို့သည် 999 အား အပျော်သဘောဖြင့် ဖုန်းခေါ်ခြင်း များပင် ပြုလုပ်တတ်သည့် အတွက် စိတ်ပျက်မိကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here