အနာဂတ်များအား ခြယ်မှုန်း ကြရာဝယ်

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

စာပေမြင့်မှ လူမျိုး တင့်မည်၊ “ပညာရေးဖြင့် ခေတ်မီ တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက် အံ့” ဆိုသော ဆိုင်းဘုတ််ကြီး များက လူစည်ကားသော နေရာ တို့တွင် မမြင်ချင်မှ အဆုံးပါ။

အချို့ ဆိုင်းဘုတ် မှ စာသားတို့က ဖတ်၍ ရလောက်အောင် ဆေးရောင် အနည်းငယ် ထင်ရှား နေသော်လည်း အများစုမှာ မှိန်ပျရော်လွင့် နေချေပြီ။ နိုင်ငံတော် တာဝန်ရှိသူများက ပညာရေးကို မည်မျှပင် အားပေး မြှင့်တင်နေသည် ဆိုသောလည်း ပညာတတ်တို့ အဆင့်တန်း ရှိရှိ နေနိုင်သည့် ခေတ်ကို မရောက်သေးသည့် အခြေအနေက မြန်မာ့ ပညာရေးစံနစ် နိမ့်ကျလျှက် ရှိနေသေးကြောင်း မီးမောင်းထိုး ပြဆိုနေ၏။ မြန်မာပြည်၏ လက်ရှိ အုပ်ချုပ်ရေး စနစ်တွင် အသိပညာရှင် အတတ်ပညာရှင် တို့ကို မဆိုစလောက် မပါမဖြစ် နေရာ တို့တွင်သာ နေရာ ပေးထားပါသည်။

စံနစ်ကျ နသော စီမံခန့်ခွဲမှုဖြင့် စီမံချက်ရှိရှိ၊ စာရင်းဇယား မှန်မှန်၊ အပြော အလုပ်ညီညီ ၊ ကိုယ်ကျင့် တည်တည်ဖြင့် ဦးဆောင် အုပ်ချုပ်ခြင်းကို မတွေ့ရသလောက်ပင် ရှိချေသည်။ ပညာတတ်ကြီးများ ဖြစ်သော ၀န်ကြီး အချို့၊ ညွှန်ကြားရေးမှူး ကြီးများ၊ အချို့တို့သည် ပညာတတ် တဦး၏ အသိဉာဏ်ဖြင့် တိုင်းပြည်ဝန်ကို ထမ်းနေသည်ဟု ယုံကြည်ရန် ခက်ခဲသော အပြုမူများ၊ အသွင်ပြင်များကို တနေ့တမျိုး မရိုးအောင် ပြည်တွင်း တီဗွီ၊ သတင်းစာတို့တွင် တွေ့နေရခြင်းက ပညာတတ်တို့ တန်ဖိုးကို အတိုင်းအထွာ ခက်ခဲ နေစေသည်။ ပညာတတ်တိုင်း ဤသို့ ပညာတတ် မဆန်စွာ ပြုမူကြသည် မဟုတ်ပါ။ မြန်မာပြည်တွင်းတွင် ပညာရှိဆန်သော လူကြီးလူကောင်းတို့ များစွာရှိပါသည်။ သို့သော်လည်း သူတို့သည် တိုင်းပြည် တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများတွင် ပါ၀င်ခွင့် ရသူ နည်းလှပါသည်။ မကြာခင်ကပင် စင်ကာပူနိုင်ငံတွင် ထလော့မြန်မာ အို မြန်မာတို့ ကဗျာကိုရွတ်ဆိုကာ မြန်မာတို့ မျိုးဂုဏ် သိက္ခာအတွက် နိုးကြားဖို့ သင့်ပြီဖြစ်ကြောင်း ဟောပြောခဲ့သည့် စာရေးဆရာကြီး တို့လို ပညာတတ်မျိုး ပညာရှင်မျိုး များများ ပေါ်ထွက်လာရန် လိုအပ်လှပေသည်။

မည်သို့ဆိုစေ။ ခေတ်စနစ်၏ ဖန်တီးချက်အရ ပညာတတ်တို့၏ ရိုးဂုဏ်ဖြင့် နိုင်ငံပေါ် ကောင်းကျိုးမြင့်တင် ပေးနိုင်စွမ်း အခွင့်အလမ်း နည်းပါးနေသေးသည်ဟု ထင်သည်။ ပညာတတ်တို့၏ သမာဓိ၊ ပညာတတ်တို့၏ ချင့်တွက် ချင့်ချိန်ဆင်ခြင် တိုင်းထွာဉာဏ်တို့ မြန်မာ့ပညာတတ် အသိုင်းအဝိုင်းတွင် ရဲရဲ ခေါင်းမပြူ ရဲသေးဟုသာ ထင်မြင်မိသည်။ တကယ့်တကယ် လူသားတို့ အကျိုးပြု အသိအတတ်ပညာ တို့ကို လူသားပီသစွာ တတ်မြောက်အောင် မသင်ကြားနိုင်ခဲ့သည့် မြန်မာ့ပညာရေး မူများ စနစ်များကြောင့်လား၊ လူတွေကပင် ပညာ အသိဉာဏ်ထက် ၊ လောဘ ၊ မောဟ၊ ဒေါသ၊ တဏှာ၊ အာဏာ မက်မောသော ဉာဏ်ဆိုး တို့ကပင် အားသာ သွားလေသလား မသိတော့။

ကိုယ်တိုင် ၀န်ထမ်းဖြစ်လျက် ၀န်ထမ်းစည်းကမ်း ၀န်ထမ်းဥပဒေကို ချိုးဖျက်ကာ အနားမယူ နိုင်သေးသော အကြီးအကဲ ဆိုသူအား ပြားပြားဝပ် ဒူးထောက်ဦးချ မတတ် ရိုသေကြောက်ရွံ့ ခစားနေသော ပြင်ညာတတ်ကြီးများ ဟီရိဩတပ္ပ ရှိစေချင်မိသည်။ မြန်မာတို့၏ ကောင်းမြတ်သော အနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင်အား ရှိခိုးခြင်းကို ထိုပညာတတ်ကြီးတို့ ပြုသည် မပြုသည် မသိ။ တီဗွီတွင် မြင်နေရသော သူတို့ အခွင့်အရေး ကိုယ်ကျိုးအတွက် လက်အုပ်ချီဘုရား မထူးယုံတမယ် အရှက်နည်းကြသော ပညာတတ်ကြီးများ ယနေ့ တိုင်းပြည်တွင်း ပိုမို ချမ်းသာကြီးပွား နေကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ အရှက်သိက္ခာကို ဘေးချိတ်နိုင်သော ပညာတတ်တို့ မြန်မာပြည်တွင် ခေတ်ကောင်းကြသည်။

သိရိလင်္ကာနိုင်ငံ ခရီးစဉ်တခု၌ ကျန်းမာရေးဝန်ကြီးဟု ခေါ်သော ဆရာဝန် ဒေါက်တာကြီး နှင့် အခြားသော ပညာတတ် ၀န်ကြီး၊ ၀န်လေး ဆိုသူများကိုလည်း ပညာတတ်တို့ ဥပဓိ၊ ပညာတတ်တို့ ဉာဉ်၊ အပြုမူနှင့် လုံးဝ ကွဲပြားသော ပြုမူပုံတို့ကို မြင်တွေ့ရသော အခါ မအံ့ဩမိတော့ပါ။ အင်မတန် စိုးထိတ် ကြောက်လန့် ပူပင်နေသည့် ယုန်သူငယ်သဖွယ် မျက်နှာပေးများဖြင့် ရာထူးပြုတ် နေရာပြုတ်မှာ ကြောက်လန့်နေပုံများ၊ ကြောင်သူတော်တို့ ရိုးသားပုံဖြင့် ရိုးသားဟန် ဆောင်ပြ နေပုံများ။ ခယ ၀ပ်တွားပုံများ၊ တိုင်းတပါးပြည် အထိတိုင် မဖုံးနိုင် မဖိနိုင် ကြောက်ပြနေပုံများကို မြန်မာ့တီဗွီ သတင်းစဉ်များတွင် မြင်ရသောအခါ အနှီ ပညာတတ်ကြီးများ ကိုယ်စား အရှက်ရမိသည်။ အာဏာရှင် စနစ်သည် ပညာတတ် အသိုင်းအဝိုင်းတွင်း တွင် နက်ရှို်င်းစွာ စိမ့်ဝင် စိုက်တွယ် နေပြီလော…..ဟု သံသယ ဝင်မိသည်။

အဆိုပါ (ပြင်ညာ) ပညာတတ်ကြီးများက ဦးဆောင်မှု နေရာမှ စီမံခန့်ခွဲပြီး ပညာတွေကို သင်ပြပေးနေသည့် ယနေ့ မြန်မာ့ပညာရေး (ပြင်ညာရေး)သည် အကြောက်တရား အခြေပြုသည် ဖြစ်သောကြောင့် ဆင်ခြင် တိုင်းထွာဝေဖန် နိုင်စွမ်း ပြည့်ဝမည့် မျိုးဆက်သစ် နိုင်ငံသားများ ထွက်ပေါ်လာလိမ့်မည်ဟု မိမိတို့ မယုံကြည်နိုင်တော့။ မြန်မာ့ ပညာရေး စနစ်ကို နိုင်ငံတကာ အဆင့်မှီ ပြုပြင်ပြောင်းလဲ မြင့်တင်ပေးရန် အချိန်လွန်စွာ နောက်ကျနေပေပြီ။ မြန်မာ့ ပညာရေး စနစ်ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲဖို့ လိုနေပေပြီ။ လူထုကို ပညာ့အလင်း ဖွင့်ပေးဖို့ အသိဉာဏ် ဆင်ခြင်တုံ တရားတို့ ပြည့်လွှမ်းဖို့ သတင်း လွတ်လပ်ခွင့် စာပေ လွတ်လပ်ခွင့်တို့ တဆင့်ချင်း ခွင့်ပြုသင့်နေပေပြီ။ သို့မဟုတ်ပါက မြန်မာ့ အနာဂတ် အင်မတန် ရင်လေးဖွယ်ပင်။

ပညာရေးကို အဆင့်မှီမှီ မတတ်ခဲ့ခြင်း၊ မိမိကိုယ်ကို အားကိုးအားထားပြု ယုံကြည် နိုင်လောက်သည့် ဆင်ခြင်တုံ တရားကို တည်ဆောက်ပဲ့ပြင် မပေးနိုင်သည့် သင်ကြားရေး စနစ်များနှင့် မည်သို့မှ လွတ်လပ်ခွင့် မရှိသော စာပေ အဆင့်အတန်း စာနယ်ဇင်း ရပ်ဝန်း၊ စာအုပ်စာပေ ထုတ်ဝေမှုတို့ အောက်တွင် မြန်မာနိုင်ငံသား တို့သည် နှိုင်းနှိုင်းချိန်ချိန် သုခမိန်လည်း မလုပ်တတ်၊ တိုင်းတိုင်းထွာထွာ လေ့လာခြင်းလည်း မလုပ်နိုင်။ ရှေ့ဖြစ်ကို နောက်ဖြစ်နှင့် ယှဉ်ပြီး သုံးသပ်ချက် ရဲရဲထုတ်ဝံ့သူ ပညာတတ်တို့ လူထုရှေ့မှောက် ထွက်ပေါ် လာသင့်ပေပြီ ဟု မချင့်မရဲ မျှော်လင့်မိသည်။ မြန်မာတွေ မျက်စိပွင့်ဖို့ လိုအပ်နေပြီး။ မြန်မာတွေ သတ္တိရှိဖို့ လိုပြီ။ မြန်မာတွေ စည်းလုံးကြဖို့ အချိန်တန်ပြီ၊ မြန်မာတွေ ကျွန်စိတ်ဖျောက်ပြီး သခင်စိတ်မွေးကြဖို့ မရှိမဖြစ် အချိန်တန်ပေပြီ။ မြန်မာတွေ ဖွံ့ဖြိုး တိုးတက်ချင်စိတ် ရှိရတော့မည် ဖြစ်သည်။

ပညာရေးကို ရသည့်နည်းဖြင့် အားထုတ်ကြိုးပမ်း မြှင့်တင်အောင် တာဝန်သိသည့် မြန်မာများက သူတို့နည်း သူတို့ဟန်ဖြင့် ကြိုးပမ်း နေကြသည်ကိုလည်း ၀မ်းမြောက်စဖွယ် တွေ့နေရသည်။ ဤသို့ ပြည်သူလူထု မျက်စိပွင့် နားစွင့်လာနိုင်ရေး အတွက် အရေးအကြီးဆုံး လိုအပ်ချက်မှာ စာအုပ်စာပေတို့ အခန်းကဏ္ဍ လူထု အကြား တွင်ကျယ် ပြန့်ပွားဖို့သာ ဖြစ်သည်။ စာအုပ်တအုပ်ကို အနည်းဆုံးငွေ လေးငါးထောင် ပေးဝယ်မှ ရနိုင်သော ခေတ်တွင် လူတိုင်းသည် အဖိုးတန်သော စာအုပ်တိုင်း ဗဟုသုတ ပြည့်ဝစေမည့် စာအုပ်များကို ၀ယ်ယူ ဖတ်ရှုခြင်း မလုပ်နိုင်တော့ပေ။ စာကြည့်တိုက် ဟူသည်ကို နိုင်ငံတော် အစိုးရက ပစ်ပယ်ထားကြောင်း တာမွေ ကျိုက္ကစံကွင်း နံဘေးမှ စာကြည့်တိုက် ပျက်ကြီးက သက်သေပြဆို နေသည်။ ရပ်ကွက် ၊ မြို့နယ် စာကြည့်တိုက်ဟု ဆိုင်းဘုတ် တင်ထားသော အိမ်အို အခန်းကျဉ်း လေးတွေကို လိုက်ကြည့်ပါ။ ပင့်ကူအိမ် ဖွဲ့နေသည်ကိုသာ တွေ့မြင်ရမည်။

ကျောင်း ပညာရေး စနစ်များသည်လည်း အလွတ်ကျက်/ဖြေ စံနစ်အတိုင်း တာတို မှတ်ဉာဏ် တပွဲတိုး အဖြေများဖြင့် စာမေးပွဲအောင်ယုံ ပညာရေး စံနစ်သာ ကြီးစိုးနေသေးသည်။ ယနေ့ ရန်ကုန်မြို့သစ် မြို့နယ်တခုတွင် တွေ့ရသော မြင်ကွင်းလေးမှ တဆင့် ဤခံစားချက် အမြင်များကို ရင်ဖွင့်ချင်သည်။ ထို မြင်ကွင်းလေးကား စာအုပ်စာပေ၊ ဂျာနယ်များကို လက်တွန်းလှည်း လေးပေါ် တင်ပြီး ရပ်တကာ ရွာလှည့်ကာ လူထုအတွက် စာပေ အလင်း ဖွင့်ပေးနေသည့် လူငယ်လေးကို လွန်စွာလေးစား ဂုဏ်ယူစိတ်ဖြင့် မြန်မာ့ ပညာရေး လူထုပညာရေး နိုင်ငံသားတို့ အမျိုးသားရေး စရိုက်လက္ခဏာတို့ ထွန်းကား တိုးတက် လာပါစေကြောင်း ဆုတောင်းစကား ပါးလိုက်ချင်သည်။

ထို တွန်းလှည်းလေးတွင် အနှီ လူငယ်လေးက “စာအုပ်များနှင့် စကားပြောပါ” ဟူ၍ ဆောင်ပုဒ်ဖြင့် သူ၏ အကြံအဉာဏ်အား အလင်းဖွင်ဆောင် ထားသည်။ နောက်တဖန် လှည်း၏ အခြားတဖက်၌ “ လူတယောက် ဘဝ ဖြစ်တည်မှုမှာ စာဖတ်ခြင်း ဆိုသည်ကို အရေးပါမှု တခုဖြစ် အသင် လက်ခံပါသလား” ဆိုသော သူ့အမြင်များမှာ ရဲတင်းလှ၏၊ စစ်အစိုးရ စာကြည့်တိုက်များကို ရည်ရွယ်ချက်ရှိရှိ ဉာဏ် အလင်းတံခါး လိုက်ပိတ်နေမှုအား သူက တနိုင်တပိုင် တွန်းလှည်းဖြင့် ရိုက်ချိုး ပစ်နေသည်၊ ကောင်းလေစွ ပညာဒါနဟု ဆိုရမည်။ ယခုကဲ့သို့ တနိုင်ခွန်အားဖြင့် လူထုအား စာပေအလင်း ဖွင့်ပေးနေသည့် လူငယ် များကဲ့သို့ ပေးဆပ် ကြိုးပမ်းမှုများ နိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် လာပါစေကြောင်းလည်း တပါတည်း ဆုတောင်းလိုက်သည်။

သူ့ လှည်းကလေး၏ အရှေ့တွင် လူထုချစ်သော သရုပ်ဆောင်မင်းသား ကိုကျော်သူ၏ ဓါတ်ပုံကို ချိတ်ဆွဲ ထားပြန်သေးသည်။ အော် … လက်တွန်းလှည်း သမားလေး သည်လည်းပဲ လူထု ချစ်မြတ်နိုးသည့် ကိုကျော်သူ ကဲ့သို့ ပြည်သူ့ဘဝအတွက် ပေးဆပ်နေသူ တဦးပါပေလား။ လူထုအတွက် ပေးဆပ် စွန့်လွှတ်သူ သူရဲကောင်း မျိုးချစ် အပေါင်းအား အံ့ဘနန်း ဂုဏ်ပြုချီးကျူးခွင့် မကြာခင် ရရှိတော့မည်ဟု ယုံကြည်မိနေသည်။ နိုင်ငံတခု၏ အနာဂတ်အား ခြယ်မှုန်းရာဝယ် ပြည်သူ့ထံပါးမှ အာဏာ စေစားသော စံနစ်မျိုးမှသာ စစ်မှန် ပညာရေးစံနစ် အား ထွန်းလင်း ပြောင်စေမည်၊ မြန်မာပြည်တွင်း စစ်မှန်သော ဒီမိုကရေစီ စံနစ် အမြန်ဆုံး ပေါ်ပေါက် နိုင်စေလို့သာ။

ရိုးဖြောင့်စွာဖြင့်

ရွှေဘ ( ၂၀၁၀ )

LEAVE A REPLY

Please enter your comment!
Please enter your name here