တယ်လီဖုန်း ခေါ်ဆိုခများ တိုးမြှင့် လိုက်ပြန်တဲ့ မြန်မာ့ ဆက်သွယ်ရေး

alt

သတင်းများ ကြိုတင် ထွက်ပေါ်နေသည့် အတိုင်း မြန်မာ စစ်အစိုးရ သည် ပြည်တွင်း ဆက်သွယ်ရေး ဖုန်းခေါ်ဆိုခ ဈေးနှုန်းများကို (၂၀၁၀) တွင် မြှင့်တင် တော့မည်ဟု အတည်ပြု ကြေညာ လိုက်သည်။

ဖုန်း ခေါ်ဆိုခ များအား (၂၀၁၀) ခုနှစ်၊ ဇန်နဝါရီ (၁)ရက် နေ့မှစပြီး နှစ်ဆကျော် ကောက်ခံ သွားမည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ဒီဇင်ဘာ (၃၁)ရက် နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

ကြေးနန်း၊ စာပို့နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက ပြည်တွင်းရှိ ဖုန်းခေါ်ဆိုမှု တိုင်းအား တမိနစ်လျှင် (၅၀)ကျပ် အထိ တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ယခင်က သတ်မှတ်နှုန်းမှာ ဖုန်းလိုင်း များ၏ တမိနစ် ခေါ်ဆိုခ (၁၅)ကျပ် နှင့် မိုဘိုင်းဖုန်းများ အတွက် (၂၅)ကျပ် ဖြစ်သည်။ သို့သော်လည်း နိုင်ငံရပ်ခြား သို့ ဖုန်းခေါ်ဆိုမှု များမှာမူ ပြောင်းလဲမည် မဟုတ်ကြောင်း ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောကြား သွားခဲ့သည်။

ထိုပြောင်းလဲမှု နှုန်းထားအား အစိုးရပိုင် သတင်း မီဒီယာများတွင် တရားဝင် ဖော်ပြခြင်း မရှိသေးပေ။ ထို အတိုင်းမှန်ခဲ့ပါက မိမိအနေနှင့် မိုဘိုင်းဖုန်းကို တတ်နိုင် သလောက် မသုံးဖြစ်အောင် ဆင်ခြင်ရတော့မည် ဟု အသက် (၂၅)နှစ် အရွယ်ရှိ မစိုးစိုး ဆိုသော အိမ်ထောင်ရှင် အမျိုးသမီး တဦးက လူထုအသံသို့ ပြောကြားခဲ့သည်။

မြန်မာ အာဏာပိုင်များသည် နိုင်ငံနှင့်အဝှမ်း ဆက်သွယ်ရေး ကဏ္ဍ တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြောင်း ကြေညာ ထားသော်လည်း ဆက်သွယ်ရေး စရိတ်များ မြင့်မား လာခြင်းကြောင့် ပြည်သူ လူထုအတွက် အခက်တွေ့စရာ ဖြစ်လာရသည်။

စစ် အစိုးရသည် ၎င်းတို့၏ လုံခြံုရေးအရ ယခင်က မိုဘိုင်းဖုန်း အသုံးပြုခွင့် ပိတ်ဆို့ထားသည့် တောခေါင်ခေါင်တွင် တည်ထားသော မြို့တော်သစ် နေပြည်တော်၌ ပထမဆုံး အကြိမ်အဖြစ် မိုဘိုင်းဖုန်းများ သုံးစွဲခွင့်ကို အောက်တိုဘာလ အစောပိုင်းက ခွင့်ပြုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here