ကာဇက်စတန် မှ ယူရေနီယမ် ဝယ်ယူမည် ဆိုမှု အီရန် ငြင်းဆို

alt

အီရန်နိုင်ငံက အမေရိကန် နှင့် အနောက်အုပ်စု နိုင်ငံများ စွပ်စွဲသကဲ့သို့ ကာဇက်စတန် ထံမှ ယူရေနီယမ်များ လျှို့ဝှက် ၀ယ်ယူနေသည် ဆိုသော သတင်းအား ပယ်ချ လိုက်သည်။

အီရန်သည် ကာဇက်စတန်မှ သန့်စင်ပြီး ယူရေနီယမ် များအား ဒေါ်လာသန်း (၄၅၀)ဖြင့် ၀ယ်ယူခဲ့ကြောင်း အနောက် နိုင်ငံ မီဒီယာများက ရေးသား ဖော်ပြ နေမှု အပေါ် အီရန်အစိုးရက အတိအလင်း ငြင်းဆို သွားခဲ့သည်။

ယခု ရေးသားမှုသည် အီရန်အား ကမာ္ဘ့ နိုင်ငံများနှင့် ကင်းကွာအောင် လှည့်ကွက်ဆင် ပြုလုပ်သည့် နိုင်ငံရေး တိုက်ခိုက်မှု တခုသာ ဖြစ်ကြောင်း အီရန်အစိုးရ တာဝန်ရှိသူ တဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ သတင်းများ၏ ဖော်ပြချက်မှာ အမှား သက်သက်သာ ဖြစ်ကြောင်း ကာဇက်စတန် ကလည်း ကနဦးကပင် ငြင်းဆိုပြီး ဖြစ်သည်။

နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA) က အီရန်သည် ယူရေနီယမ် အရင်းအမြစ် ပြတ်တောက်မှုကို ရင်ဆိုင် နေရဖွယ် ရှိကြောင်း သုံးသပ်ထားသည်။ အီရန်သည် ပြည်သူ့စွမ်းအင် ကဏ္ဍအတွက်သာ သန့်စင်ပြီး ယူရေနီယမ်များ ၀ယ်ယူရန် ကြိုးပမ်း နေကြောင်း ပြောကြား ထားသည့်တိုင် IAEA က အီရန် အစိုးရသည် နျူကလီးယား ထိပ်ဖူး (၁၅၀) တည်ဆောက်ရန် ယူရေနီယမ် (၁၃၅၀) တန် ကို စုဆောင်းနေကြောင်း စွပ်စွဲထားသည်။

အီရန်ကမူ မိမိတို့သည် ကာဇက်စတန်မှ ယူရေနီယမ် ၀ယ်ယူခဲ့သည် ဆိုသော စွပ်စွဲချက်ကို အနောက်နိုင်ငံ ထောက်လှမ်းရေး များက အတိအလင်း အတည် မပြုနိုင်ဘဲ ခန့်မှန်း ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here