ဖင်လန်နိုင်ငံမှ လူငါးဦးအား ပစ်သတ်သွားသည့် သေနတ်သမား အလောင်း ရှာဖွေတွေ့ရှိ

alt

ဖင်လန်နိုင်ငံ ရဲတပ်ဖွဲ့က လူ(၅)ဦးအား ပစ်သတ် သွားသည့် သေနတ်သမား လူရမ်းကား၏ အလောင်းကို ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်သည်။

တောင်ပိုင်း မြို့တော် အက်စပူးတွင် ဖြစ်ပွားခဲ့သည့် ရမ်းကား ပစ်ခတ်မှု ဖြစ်စဉ်များ အတွင်း သေနတ်သမား အီဘရာဟင် ရှကူပိုလီ အပါအဝင် လူ(၆)ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ဒီဇင်ဘာ (၃၁)ရက် နေ့က အသက်(၄၃)နှစ် အရွယ် အီဘရာဟင် သည် Sello ဈေးကြီး အတွင်းရှိ ဆိုင်တဆိုင်သို့ ၀င်ရောက်ကာ 9mm ပစ္စတို တလက်ဖြင့် ရမ်းကား ပစ်ခတ်ခဲ့ရာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က အစောပိုင်းတွင် ကြေညာခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် နောက်ပိုင်းတွင် မြို့ထဲရှိ တိုက်ခန်းအတွင်း ၎င်း၏ ချစ်သူဟောင်း အမျိုးသမီးပါ အသတ် ခံထားရသည်ကို ရဲများက ဖော်ထုတ် တွေ့ရှိခဲ့သည်။ Prisma အမည်ရှိ ကုန်စုံဆိုင်တွင် ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း သေဆုံးသူ (၄)ဦးလုံးသည် ဆိုင်ဝန်ထမ်း များချည်း ဖြစ်ကြပြီး (၂)ဦးမှာ ပထမထပ်နှင့် ကျန်(၂)ဦးမှာ ဒုတိယထပ် တို့တွင် အသတ်ခံရခြင်း ဖြစ်ကြောင်း ရဲများက အတည်ပြု ပြောကြားခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆိုင်ရှင် အမျိုးသမီးမှာလည်း သူမ၏ တိုက်ခန်းအတွင်း အသတ်ခံ ထားရကြောင်း ပြောဆိုသွားပြီး သူမသည် အီဘရာဟင်၏ ချစ်သူဟောင်း ဖြစ်သလို အဓိက ပစ်မှတ်လည်း ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့သည်။

ရဲတပ်ဖွဲ့က ယခု ပစ်ခတ်မှု၏ အဓိက အကြောင်းရင်းမှာ ယင်း အမျိုးသမီးနှင့် အီဘရာဟင် တို့အကြား ဆက်နွယ်မှု အခြေအနေ တခုခုကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အီဘရာဟင် သည် လူ(၅)ဦးကို သတ်ဖြတ် လိုက်ပြီးနောက် မိမိ၏အိမ်သို့ ပြန်သွားကာ ကိုယ့်ကိုကိုယ် သေနတ်နှင့် ပစ်သတ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဖင်လန်နိုင်ငံတွင် တောပိုင်းဒေသများ၌ အမဲလိုက်ရန် သေနတ်ဝယ်ယူ ကိုင်ဆောင်မှုများ ရှိတတ်သော်လည်း ယခုကဲ့သို့ သေနတ်ဖြင့် ရမ်းကား ပစ်ခတ်မှုမျိုး ဖြစ်ခဲလှကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here