ဒုံးခွင်းဒုံး စံနစ်အပေါ် ရုရှားဝန်ကြီး ပြောကြားမှု အမေရိကန် ပယ်ချ

alt

အမေရိကန် ပြည်ထောင်စုက ၎င်း၏ ဒုံးခွင်းဒုံး ကာကွယ်ရေး စံနစ်အပေါ် ရုရှားက အကြီးအကျယ် စိုးရိမ် ထိတ်လန့်နေသည် ဆိုသော သတင်း များအား ပယ်ချ လိုက်သည်။

ရုရှားနိုင်ငံ ၀န်ကြီးချုပ် ဗလာဒီမာပူတင် က အမေရိကန်၏ လှုပ်ရှားမှု များသည် နောက်ထပ် နျူကလီးယား ပြိုင်ဆိုင်မှု တခုဆီသို့ ဦးတည် သွားနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ထိုကိစ္စသည် ဒုံးခွင်းဒုံး စီမံကိန်းနှင့် မသက်ဆိုင် ကြောင်း အမေရိကန် အစိုးရက ကြေညာ ခဲ့သည်။

အမေရိကန် နှင့် ရုရှားတို့သည် ဒီဇင်ဘာ (၅)ရက် နေ့က သက်တမ်း ကုန်ဆုံး သွားသည့် စစ်အေးကာလ လက်နက်အင်အား ထိန်းချုပ်ကန့်သတ် ရေး စာချုပ်အား ပြန်လည် ချုပ်ဆိုရန် ညှိနှိုင်းနေကြဆဲ ဖြစ်သည်။ လေ့လာသူ များက မော်စကိုရှိ ရုရှားအစိုးရသည် စာချုပ်သစ် အတွင်း အမေရိကန်က တီထွင် ဖန်တီးထားသည့် ကာကွယ်ရေး စံနစ်များနှင့် ပတ်သက်ပြီး အင်အား လျှော့ချစေလိုသော သဘောမျိုး ရှိနေနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

အမေရိကန်သည် ဥရောပ အလယ်ပိုင်း နိုင်ငံများတွင် ဒုံးကျည် ကာကွယ်ရေး စခန်းများ ဆောက်လုပ်ရန် စီစဉ်ထားပြီး ပင်လယ်တွင်း ဒုံးကျည် ကာကွယ်ရေး အခြေစိုက်စခန်းများ တည်ထောင်ရန် ပိုမို အာရုံစိုက်နေသည်။ သို့သော်လည်း ရုရှားကမူ ဥရောပတွင် အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေးစံနစ် ဖြန့်ကျက် ရောက်ရှိလာမှုကို စိုးရိမ်မကင်း ဖြစ်လာနေဖွယ် ရှိသည်။

အမေရိကန် ကမူ မိမိတို့၏ လက်နက် စံနစ်သည် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအတွက် ဘက်မျှအောင် စီစဉ်ထားပြီး ပြောင်းလဲမှုများ ပြုလုပ်ရန် အစီအစဉ်မရှိဟု ကြေညာထားသည်။ အိမ်ဖြူတော်က မိမိတို့သည် ရုရှား အစိုးရနှင့် ဒုံးကျည် ကာကွယ်ရေး ကိစ္စအတွက် သီးသန့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here