MPT မှ Eleven Journal အား တရားစွဲရန် ပြင်ဆင်နေ

alt

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ Eleven Media Group ထုတ်ဝေ နေသည် သတင်း ဂျာနယ်တွင် မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အတည် ပြုချက် မပါရှိသည့် သတင်းများ ရေးသားခဲ့မှုများ အပေါ် တရားစွဲဆို

နိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနအား အကြောင်းကြား၊ မေးမြန်းထားကြောင်း လူထုအသံမှ သတင်း ရရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းက Eleven Media Group မှ ထုတ်ဝေနေသည် သတင်း ဂျာနယ်များတွင် ငွေဖြည့်ကဒ် ( Refillကဒ် ) ဖြင့် ဆက်သွယ် အသုံးပြုနိုင်သည့် စံနစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ ဖုန်းခေါ် ဆိုခ ဈေးနှုန်းများ ပြောင်းလဲ သတ်မှတ်ခြင်းအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ( MPT ) ၏ အတည်ပြုချက် ရယူခဲ့ခြင်း မရှိဘဲ ဖေါ်ပြခဲ့ခြင်းများ အတွက် ဖြစ်ကြောင်း၊ ဖုန်းခေါ် ဆိုခ၊ ကြေးနန်း၊ စာပို့ခ ဈေးနှုန်းများ ပြောင်းလဲ သတ်မှတ်ခြင်းများ အကြောင်းကို ဝန်ကြီးစုံညီ အစည်းဝေးသို့ တင်ပြခွင့်ပြုချက် တောင်းယူရန် စီစဉ်နေချိန်တွင် ဝန်ကြီးအဖွဲ့သို့ တင်ပြမည့် စာအား ဂျာနယ်တွင် ဖေါ်ပြခဲ့ခြင်းအတွက် တရားစွဲဆိုနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ( MPT )မှ အကြီးတန်း ဝန်ထမ်းတဦးက အတည်ပြု ပြောဆိုလိုက်သည်။

အဆိုပါ ဈေးနှုန်းများ ပြောင်းလဲ သတ်မှတ်ခြင်း ကိစ္စအား ဝန်ကြီး မျက်နှာစုံညီ အစည်းဝေးမှ ခွင့်ပြုမည့်သဘော သတင်းများ ထွက်နေသော်လည်း ဝန်ကြီး မျက်နှာစုံညီ အစည်းဝေးမှ ဆုံးဖြတ်ချက် မချခင် ရေးခဲ့ခြင်း များအတွက် သက်ဆိုင်ရာ အရာရှိများ ဒေါသ ထွက်နေကြကြောင်း သိရှိရသည်။ သို့သော် စာပေ ကင်ပေတိုင်ဟု နာမည်ဆိုးဖြင့် ကျော်ကြား သော စစ်အစိုးရ၏ ဆင်ဆာဘုတ် အဖွဲ့မှ အဆိုပါ သတင်းများအား ဖြတ်တောက်ခဲ့ခြင်း မရှိသည် မှာလည်း ထူးခြားလျှက် ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာ ငြိစွန်းမှုများ မဟုတ်သည့်အတွက် သေချာ စီစစ်ခြင်း မရှိဘဲ ခွင့်ပြုလိုက်ဟန် ရှိကြောင်း စာပေနယ်မှ စာရေးဆရာ တဦးက ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၀န်ကြီး ဌာနအလိုက် သတင်း ထုတ်ပြန်ရေးများ ဖွဲ့စည်းထားပြီး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ များအတွင်း သတင်း အချက်အလက် ထိမ်းချုပ်ခြင်း၊ အနီးကပ် စုစည်းခြင်းဖြင့် ၀န်ကြီးဌာန ပြောစေချင်သည် များကိုသာ ထုတ်ပြန်ရန် မြန်မာစစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနမှ အခြား ၀န်ကြီးဌာနများသို့ ၂၀၀၈ ခုနှစ် အောက်တိုဘာလ အတွင်းက အသိ ပေးထားခဲ့ဘူးသည်။

“ခင်ဗျားတို့ အစိုးရဌာနတွေ အကြောင်းရေးမယ် ဆိုရင် မှန်ဘို့လိုတယ်။ ရေးတဲ့နေရာမှာ ချဲ့ကား ရေးတာဖြစ်ဖြစ်၊ နားလည်မှု လွဲအောင် ရေးတာဖြစ်ဖြစ် လုပ်လာရင် ပြဿနာ ရှိလာမှာဘဲ။ နိုင်ငံတော် ဒါမှမဟုတ် အမျိုးသား လူမှုဖူလှုံရေးနဲ့ ပတ်သက်ပြီး အပျက် သဘောပါတဲ့ သတင်းမျိုး ရေးလာရင် ကျနော်တို့ ခွင့်မပြုဘူး” ဟု ဗိုလ်မှူးတင့်ဆွေက စာနယ်ဇင်း သမားများကို ပြောခဲ့သေးကြောင်းသိရှိရသည်။

စာပေ စိစစ်ရေးမှ အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအား သတ်မှတ်ထားသည့် စည်းကမ်း အတိုင်း လိုက်နာရန် သက်ဆိုင်ရာ တာဝန်ခံများအား အမြဲသတိပေး နေသည့်အပြင် ဂျာနယ် စည်းကမ်းများ ဖေါက်ဖျက်ခြင်းများ တွေ့ရှိပါက ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့်အညီ တိကျစွာ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း အမြဲခြိမ်းခြောက်လျှက် ရှိသည်။ ယခုကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက် မပါရှိဘဲ ထုတ်ဝေခဲ့ခြင်း အပေါ် ပြည်ထဲရေး ဝန်ကြီးဌာနမှ မည်သို့ တုံ့ပြန်မည်ကို မသိရှိရသေးပေး။

သတင်းသမားများအား ဖမ်းဆီး ထောင်ချထားသော ထိပ်ဆုံး ၅ နိုင်ငံ စာရင်းမှာ မြန်မာ ပါဝင်နေကြောင်း နယူးယောက့်ခ် အခြေစိုက် သတင်းသမားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ( CPJ ) မှ စာရင်းထုတ်ပြန် ထားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here