မွေးကင်းစ ကလေးအချင်းဖြင့် မျက်နှာ အလှပြင်နည်း ဒူဘိုင်း အမျိုးသမီးများ အကြား ခေတ်စားနေ

alt

ဒူဘိုင်းရှိ အမျိုးသမီးများ အတွက် မျက်နှာ အလှပြုပြင် နည်းသစ်တခု အဖြစ် မွေးကင်းစ ကလေးငယ်၏ အချင်းကို မှာယူ အသုံးပြုမှု များပြား လာကြောင်း သိရှိရသည်။

အလှပြုပြင်ရေး ပညာရှင် အမျိုးသမီး မိုနာမာဇာ က ယခု နည်းလမ်းသစ် အပေါ် အမျိုးသမီး အများစုက သူမတို့ မျက်နှာကို ပိုမိုနုနယ် သွားစေသည်ဟု ယုံကြည် လက်ခံကြကြောင်း ရှင်းပြခဲ့သည်။

လူသား ကလေးငယ် တဦး၏ အချင်းသည် ထူးခြားသော ဇီဝကမ္မ ဖြစ်စဉ်များ ကိန်းအောင်း တည်ဆောက် ထားကြောင်း သူမက ဆိုသည်။ ထိုအချင်းကို မျက်နှာအရေပြား အလှ ပြုပြင်ရေးတွင် ကုသခြင်းဖြင့် အချင်းတွင် ပါ၀င်သော မော်လီကျူးများက မျက်နှာပြင် အရေပြားမှ မလိုလားအပ်သော ရင့်ရော် စေသည့် ဓာတ်သဘာဝ များကို အလိုအလျောက် စုပ်ယူ လိုက်ကြောင်း မိုနာက ရှင်းပြခဲ့သည်။

မိုနာက လူတယောက် အတွက် ကလေးအချင်းသည် ဓာတ်မတည့်သော ပြင်ပ ဒြပ်ထုတခု အဖြစ် အဆိပ်အတောက် မဖြစ်စေ နိုင်ကြောင်းလည်း ပြောဆိုရှင်းပြ ခဲ့သေးသည်။ ယခု ကုသမှုသည် ဈေးနှုန်းအားဖြင့် မနည်းလှချေ။ တနာရီ အတွက် ပျမ်းမျှအားဖြင့် ပေါင်စတာလင် (၁၇၀) ၀န်းကျင် ကျသင့်ကြောင်း သိရှိရသည်။

သူမ၏ အလှပြင်ဆိုင်တွင် အချင်းနှင့်တွဲဖက် အသုံးပြုသော ပစ္စည်းများအား အမေရိကန်မှ မှာယူထားပြီး လိုအပ်သော အချင်းများကို ရုရှားနိုင်ငံရှိ ကလေး ဆေးရုံများနှင့် စေတနာ အလျောက် လှူဒါန်းသူများ ထံမှ ရရှိကြောင်း မိုနာက ရှင်းပြခဲ့သည်။

အချင်းဖြင့် မျက်နှာအလှ ပြုပြင်ခြင်းသည် နည်းလမ်းသစ် မဟုတ်ဘဲ ဥရောပ နိုင်ငံအချို့ တို့တွင် သိုးနှင့် မြင်းများထံမှ ရရှိသော အချင်းဖြင့် မျက်နှာအား ချောမွေ့လှပအောင် ကုသလေ့ ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here