ကင်ဂျုံအီ အတွက် ဘုရားသခင်ထံ ဝန်ချ တောင်းပန်ပေးရန် အမေရိကန် နိုင်ငံသား မြောက်ကိုရီးယားသို့ သွားရောက်

alt

အမေရိကန် လူမျိုး ခရစ်ယာန် ဘာသာဝင် တဦးသည် ခရစ္စမတ်နေ့က အာဏာရှင် ကင်ဂျံုအီ အား ၎င်းပြုလုပ် ထားသည့် အပြစ်များ အတွက် အာပတ်ဖြေ ပေးရန် မြောက်ကိုရီးယား နိုင်ငံ အတွင်းသို့ ၀င်ရောက်

သွားကြောင်း ၎င်း၏ မိတ်ဆွေများက ဆိုသည်။

အသက် (၂၉)နှစ်ရှိ ရောဘတ်ပတ်ခ် က ၎င်းသည် ဘုရားသခင် ထံမှ မြောက် ကိုးရီးယား နိုင်ငံအတွက် ကောင်းကျိုး များ ရရှိစေမည့် ညွှန်ကြားချက် အသိအမြင်ကို လက်ခံ ရရှိခဲ့ကြောင်း ပြောကြားကာ တရုတ် နိုင်ငံနယ်စပ် ရေခဲနေသော တူမန်မြစ် ဖက်မှ ခွင့်ပြုချက် မပါဘဲ ကွန်မြူနစ် နိုင်ငံအတွင်း ၀င်ရောက် သွားကြောင်း မိတ်ဆွေများက ထုတ်ဖော် ပြောဆိုခဲ့သည်။

ရေခဲနေသော မြစ်ပြင်ကို ဖြတ်ကျော်သွားစဉ် ရောဘတ်သည် ပါးစပ်မှ မိမိသည် အမေရိကန် နိုင်ငံသား တဦးဖြစ်ကြောင်း၊ ဘုရားသခင်၏ မေတ္တာဓာတ်ကို ဖြန့်ဝေပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း ကျယ်လောင်စွာ အော်ဟစ် သွားသည်ဟု သိရှိရသည်။ သို့သော်လည်း မြောက်ကိုရီးယား ဖက်ခြမ်းသို့ ရောက်ရှိပြီး သိပ်မကြာမီ ရောဘတ်၏ အသံတိတ် သွားကြောင်း၊ ၎င်းအနေနှင့် အဖမ်းခံရသည်ဟု ယူဆရသော်လည်း တိတိကျကျ မသိကြောင်း ရောဘတ်၏ သူငယ်ချင်းများက ပြောကြားခဲ့သည်။

ရောဘတ်သည် အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသည့် မြောက်ကိုရီးယား နိုင်ငံသား တဦးဖြစ်ပြီး မိမိကိုယ်ကိုယ် အကြားအမြင် ရသူနှင့် ပြောင်းလဲရေး ၀ါဒီတဦး အဖြစ် မှတ်ထင် ယုံကြည်နေကြောင်း သိရှိရပြီး၊ ၎င်းသည် မြောက်ကိုရီးယား လူ့အခွင့်အရေး အတွက် Freedom and Life For All North Koreans: 2009 အမည်ရှိ အဖွဲ့တခုကိုလည်း ထူထောင် ထားသေးသည်။

ရောဘတ်သည် အာဏာရှင်ကြီး ကင် အတွက် သီးသန့် စာလွှာတစောင်ကိုပင် ယူဆောင်သွားပြီး စာထဲတွင် မြောက်ကိုရီးယား ခေါင်းဆောင်အား ခရစ်တော်က မေတ္တာဓာတ်နှင့် ခွင့်လွှတ်ခြင်းကို ပေးသနားမည် ဖြစ်ကြောင်း၊ ဘုရားရှင်သည် အပြစ်ကို ၀န်ချ တောင်းပန်သည့် လူသားတိုင်းအား လွတ်မြောက်ရာ လမ်းသို့ ညွှန်ပြမည်ဟု ကတိပြုကြောင်း ပါရှိသည်။

ရောဘတ်သည် မြောက်ကိုရီးယား အား ချစ်မြတ်နိုးစိတ်ဖြင့် ကယ်တင်ရန် အသင့်ရှိကြောင်းလည်း ပြောကြား သွားခဲ့သေးကြောင်း မိတ်ဆွေများက ဆိုသည်။ အမေရိကန် သံရုံးကမူ ယင်းကိစ္စအတွက် တစုံတရာ သတင်း အချက်အလက် မရရှိကြောင်း ငြင်းဆန် ထားသည်။

မတ်လ အတွင်းက အမေရိကန် သတင်းထောက် နှစ်ဦးဖြစ်သည့် အူနာလီ နှင့် လော်ရာလင်း တို့သည် မြောက်ကိုရီးယား နိုင်ငံအတွင်း မှတ်တမ်းဓာတ်ပုံ သွားရိုက်ခဲ့ရာ အာဏာပိုင်များက ဖမ်းဆီးပြီး ထောင်(၁၂)နှစ် ချမှတ်ခဲ့သော်လည်း အမေရိကန် သမ္မတဟောင်း ဘီကလင်တန် ဦးဆောင်သည့် သံတမန် အဖွဲ့ကြောင့် ပြန်လည် လွတ်မြောက် လာခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here