အီရန် ဆန္ဒပြမှုများအား အင်အား အပြင်းအထန်ဖြင့် နှိမ်နင်း

alt

ဆန္ဒပြ ပြည်သူများ အပေါ် အီရန် အစိုးရ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် မှု များအတွက် အီရန် အတိုက်အခံ ခေါင်းဆောင် တဦးက ရှုတ်ချလိုက် သည်။ အီရန် နိုင်ငံတွင် (၁၉၇၉) ခုနှစ်က ရှားဘုရင်အား ဖြုတ်ချခဲ့သည့်

ဘာသာရေး ခေါင်းဆောင် အယာ တိုလာဟိုဆင် မွန်တက်ဇာရီ ကွယ်လွန် သည့် ဒီဇင်ဘာ (၂၀)ရက် နေ့မှစပြီး အီရန်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ နောက်တကြိမ် ပေါ်ပေါက် လာခဲ့သလို ဒီဇင်ဘာ (၂၇)ရက် နေ့က အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိလာရာ လုံခြုံရေး တပ်များက အင်အားသုံး နှိမ်နင်းခဲ့ပြီးနောက် လူ(၁၅)ဦး ထက်မနည်း သေဆုံးကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

သေဆုံးသူ များထဲတွင် အီရန်၏ အဓိက အတိုက်အခံ ခေါင်းဆောင် မာဟိုဆင်မူဆာဗီ ၏ တူအရင်းလည်း ပါ၀င်ကြောင်း သိရှိရသည်။ အီရန် သမ္မတ မာမက် အာမက်ဒီနီဂျက် အား ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော အတိုက်အခံ ခေါင်းဆောင် မာဒီကာရူဘီက အစိုးရသည် လိုအပ်သည်ထက် ပိုမိုရက်စက် ကြမ်းတမ်းသော နည်းလမ်းများဖြင့် ဆန္ဒပြသူများအား ဖြိုခွင်းနေကြောင်း ၎င်း၏ ၀ဘ်ဆိုဒ်တွင် ရေးသား ရှုတ်ချခဲ့သည်။

ကာရူဘီက Rah-e-Sabz အတိုက်အခံ ၀ဘ်ဆိုဒ်တွင် အစိုးရ၏ လုပ်ရပ်အပေါ် ပြစ်တင်ခဲ့ပြီး ယခု ပဋိပက္ခ ဖြစ်ရပ်များကြောင့် အီရန်တွင် တလအတွင်း သွေးထွက်သံယို အများဆုံး ကာလအဖြစ်လည်း မှတ်တမ်းဝင် ခဲ့သည်။ သမ္မတ အာမက်ဒီနီဂျက် အနေနှင့် တဟီရန် လမ်းမများပေါ်တွင် အမှန်တကယ် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို လာကြည့်သင့်ကြောင်း ကာရူဘီက ဆိုသည်။

ထောင်ပေါင်း များစွာသော ပြည်သူများသည် တဟီရန်မြို့တော် လမ်းမများတွင် စုရုံးကာ အာဏာရှင်စံနစ် ကျဆုံးပါစေဟု ကြွေးကြော် ဆန္ဒပြရာမှ ရဲများက ပစ်ခတ် နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။ မျက်မြင်များ၏ အဆိုအရ ဆန္ဒပြသူများ ကလည်း ရဲများကို တုတ်များ၊ ခဲများဖြင့် ပစ်ပေါက်သလို မော်တော်ယာဉ် များကိုလည်း မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒပြသူများက သမ္မတ အာမက်ဒီနီဂျက်သည် ရွေးကောက်ပွဲ ကာလအတွင်း အကြီးအကျယ် မဲလိမ်ကာ နိုင်ငံအာဏာကို သိမ်းယူ ခဲ့ကြောင်း စွပ်စွဲထားကြသည်။ ဒီဇင်ဘာ (၂၇)ရက်နေ့ အဓိကရုဏ်း များအတွင်း သေဆုံးမှုများ ရှိသလို အနည်းဆုံး လူ(၂)ဒါဇင်မျှသည် ခြေကျိုးလက်ကျိုး ဖြစ်သည်အထိ ရိုက်နှက် နှိပ်စက်ခံရကြောင်း ကိုယ်တွေ့ ကြံုသူများက ပြောကြားခဲ့သည်။

သတင်းများအရ အီရန်အလယ်ပိုင်း မြို့ကြီး အချို့တွင်လည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်နေကြောင်း သိရှိရပြီး အီရန် အစိုးရသည် ယခုကိစ္စအတွက် မည်သို့မျှ ဖြေရှင်းခြင်း မရှိသေးသော်လည်း မိုဘိုင်းဖုန်းများအား ပိတ်ပစ်ခဲ့ပြီး အင်တာနက် မြန်နှုန်းကိုလည်း လျှော့ချလိုက်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here